
တောင်ကြီး ဇွန်-၉
၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ပြိုင်ဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းကို ဇွန်(၉)ရက်ညနေ(၄)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီက ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ရန် ရောက်ရှိလာကြသည့် ဘော်လီဘောအားကစားသမားများအားလုံးသည် အရပ်အမောင်း၊ ခွန်အား၊ သက်လုံဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ်ဖြစ်တာကြောင့် မိမိတို့၏ကျွမ်းကျင်မှုအရည်အချင်းများကို အစွမ်းကုန်ထုတ်ဖော်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲစိတ်ဓါတ်အပြည့်နှင့် သန့်ရှင်းစွာယှဥ်ပြိုင်ကစားကြရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် စည်းကမ်းနှင့်အညီ ပြောဆိုနေထိုင်ကြပြီး ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ဆောင်သွားကြရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှသည် နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဝင် အားကစားသမားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲကာလသာမက ပြိုင်ပွဲပြီးဆုံးလို့ မိမိတို့နေရပ်များကို ပြန်ရောက်ချိန်အထိ စိတ်ချမ်းသာပျော်ရွှင်စွာ ပြိုင်ပွဲဝင်နိုင်ရေး အဖက်ဖက်က စောင့်ရှောက်ပေးသွားမှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်သပါကြောင်း ပြောကြားသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက စားစရိတ်လိုငွေများထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးပြည်နယ်အသင်း တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
၎င်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများက အသင်းလိုက်မိတ်ဆက်ကြပြီး လက်ဘက်ရည်ဖြင့် တည်ခင်းဧည့်ခံကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး