
တောင်ကြီး ဇွန်-၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၄)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အမှတ်စဥ်(၂/၂၀၂၆)နှင့် မုန့်ဖုတ်နည်းသင်တန်း (၄/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားကို တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သင်တန်းသား၊ သင်တန်းသူများကို ကွန်ပျူတာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် သင်တန်းနည်းပြဆရာမများက သင်ကြားပေးသည့် သင်ခန်းစာများအတိုင်း စဥ်ဆက်မပြတ်လေ့ကျင့်ရန် လိုအပ်ပါကြောင်း၊ မုန့်ဖုတ်နည်းသင်တန်းတွင်လည်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပေးသည့်နည်းစနစ်များကို သေချာလေ့လာမှတ်သား၍ လုပ်ငန်းလုပ်ကိုင်နိုင်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ယခုလို သက်မွေးပညာသင်တန်းများ တက်ရောက်ပြီး တပိုင်တနိုင်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ပါက အသေးစား၊ အငယ်စား၊ အလတ်စား၊ (MSME)ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးခြင်းဖြင့် နိုင်ငံတော်၏ GDPဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကွန်ပျူတာသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအတွက် ကွန်ပျူတာသင်တန်းမှ သင်တန်းဆင်းလက်မှတ်များ၊ မုန့်ဖုတ်နည်းသင်တန်းမှ သင်တန်းဆင်းလက်မှတ်နှင့် ထောက်ပံ့ပစ္စည်းများ၊ သင်တန်းနည်းပြဆရာမများအတွက် ဂုဏ်ပြုလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။
၎င်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီနှုတ်ဆက်၍ သင်တန်းသား၊ သင်တန်းသူများမှ လက်တွေ့ပြုလုပ်ထားသော မုန့်များကိုကြည့်ရှုအားပေးပြီး ကွန်ပျူတာသင်တန်းခန်းမအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး