
တောင်ကြီး မေ-၂၅
ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဥ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို မေ(၂၅)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ယနေ့ဖွင့်လှစ်ရသည့် သင်တန်းရည်ရွယ်ချက်မှာ ၂၀၁၅ခုနှစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရှမ်းပြည်နယ်အတွင်းရှိ စျေးများ၊ စျေးဝယ်စင်တာများ၊ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ စုပေါင်းပိုင် အဆောက်အအုံ အလုပ်ဌာန၊ အဖွဲ့အစည်းနှင့် မီးဘေးစိုးရိမ်ရသော လုပ်ငန်းများတွင် သီးသန့်မီးသတ်တပ်ဖွဲ့များ စနစ်တကျ လေ့ကျင့်ဖွဲ့စည်းရန်နှင့် မီးလောင်မှုများဖြစ်ပွားပါက ကနဦးလက်ဦးမှုရယူ၍ မီးငြှိမ်းသတ်နိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုများ၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ နည်းပါးစေရန်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်ဆပ်ဖွဲ့နေ့အထိမ်းအမှတ် VideoClip ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ သင်တန်းသား ၊သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ရွိုင်ရယ်တောင်ကြီးဟိုတယ်၌ ကျင်းပသော ဟိုတယ်ခရီးသွားလာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးဆောင်ရွက်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ခရီးသွားလုပ်ငန်းသည်ဝန်ဆောင်မှုကို အခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်တာကြောင့် ဝန်ဆောင်မှုပေးသည့် အလုပ်အကိုင်တိုင်းသည် အရည်အသွေးမြင့်မားနေရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ကူညီပံ့ပိုးပေးလျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊ ရာသီပွဲတော်များ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းခြင်းပွဲတော်များ၊ တိုင်းရင်းသားများ၏ ရိုးရာအစားအစာရောင်းချပွဲတော်များကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားတက်ရောက်လာသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးကို သင်တန်းကာလရက်သတ္တပတ် (၄)ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို သင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး