ကလော မေ-၂၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့သည် မေ(၂၄)ရက်နံနက်(၁၀)နာရီက ကလောမြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်ကာ ခွဲစိတ်ခန်းပါ (၃)ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကလောပြည်သူ့ဆေးရုံအုပ်ကြီးမှ အဆောက်အဦနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့သည် ကလောပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ရဟန်းသံဃာနှင့်ပြည်သူများအား အာဟာရပြည့် စားသောက်ဖွယ်ရာနှင့်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်သူများသည် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာအုပ်စု၊ ကုန်းလွင်ကျေးရွာရှိ ရှမ်းထိပ်တန်း တန်(၇၀၀)အာလူးအအေးခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်အနေဖြင့် တစ်နိုင်ငံလုံး အာလူးစိုက်ပျိုးဧက (၆၀)ရာခိုင်နှုန်းကျော် စိုက်ပျိုးဆောင်ရွက်နေသည့်အတွက် စိုက်ပျိုးမည့် မျိုးအာလူးများစိုက်ပျိုးချိန်တွင် အရည်အသွေးကျဆင်းမှု ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နောင်တရားမြို့တွင် တန်၃၀၀၀ဆန့် အအေးခန်းသိုလှောင်ရုံတစ်လုံး၊ တန်၇၀၀ဆန့် အအေးခန်းသိုလှောင်ရုံတစ်လုံး၊ ဟဲဟိုးမြို့တွင် တန်၂၀၀၀ဆန့် အအေးခန်းသိုလှောင်ရုံနှစ်လုံး၊ တန်၇၀၀ဆန့် အအေးခန်းသိုလှောင်ရုံတစ်လုံး၊ အောင်ပန်းမြို့တွင် တန်၁၃၀၀ဆန့် အအေးခန်းသိုလှောင်ရုံတစ်လုံး၊ ပင်းတမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တန်၈၅၀ဆန့် အအေးခန်းသိုလှောင်ရုံတစ်လုံးအပြင် ယခုရှမ်းထိပ်တန်းကုမ္ပဏီ၏ တန်၇၀၀ဆန့် အအေးခန်းသိုလှောင်ရုံတစ်လုံးကိုပါ ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ယခုကဲ့သို့သော အအေးခန်းသိုလှောင်ရုံများ ဖွံ့ဖြိုးတိုးတက်ရေး တစ်နည်းအားဖြင့် (MSMEs)လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် ရှမ်းထိပ်တန်း တန်(၇၀၀)အာလူးအအေးခန်း တည်ဆောက်ရခြင်း၏ရည်ရွယ်ချက်နှင့် တောင်သူများအား မည်သို့အကျိုးကျေးဇူးများ ရရှိနိုင်မည့်အကြောင်းအား ရှမ်းထိပ်တန်းအာလူးအအေးခန်း တည်ဆောက်သူ အင်ဂျင်နီယာ ဦးအောင်အောင်မှရှင်းလင်းတင်ပြပြီး ရှမ်းထိပ်တန်း တန်(၇၀၀)အာလူးအအေးခန်းပိုင်ရှင် ဦးမိုးသားမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ရှမ်းထိပ်တန်းတန်(၇၀၀) အာလူးအအေးခန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်ဝန်ကြီးများနှင့် ရှမ်းထိပ်တန်း အာလူးအအေးခန်းပိုင်ရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အာလူးအအေးခန်းဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေရည်ငွေရည်ပက်ဖျန်းပေးကြကာ အာလူးအအေးခန်းနှင့် အအေးပေးစနစ်စက်တို့အား လှည့်လည်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းယဥ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်ပန်းမြို့ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(အောင်ပန်း)သို့သွားရောက်၍ ရှမ်းပြည်နယ်နှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများပြသထားမှုနှင့် ရောဂါပိုးမွှားကင်းစင်သော မျိုးအာလူးထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို ကြည့်ရှုခဲ့ကြပြီး အစည်းအဝေးခန်မတွင် ၂၀၂၆ -၂၀၂၇ခုနှစ်အတွင်း သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်များ ဆောင်ရွက်အခြေအနေများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနဗဟိုဌာန(အောင်ပန်း) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးဝင်းဝင်းနွယ်မှ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသသုတေသနဗဟိုဌာန(အောင်ပန်း)ရှိ သုတေသနဓါတ်ခွဲခန်းများအား လှည့်ကြည့်ရှုကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး