
တောင်ကြီး မေ-၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မေ(၁၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ နောင်လေကျေးရွာအုပ်စု၊ မဲတောင်းကျေးရွာရှိ တောင်ကြီးကွန်ပျူတာတက္ကသိုလ် LAB ခန်းမ၌ ကျင်းပသော အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မူ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ”၊ “လွယ်လွယ်နဲ့ရ သုံးစွဲကြ မူးယစ် သားကောင်ဖြစ်နေရ၊ ဝိုင်းဝန်းကာကွယ် တားဆီးမှ”၊ “မူးယစ် ကင်းစင် – တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ – လုံခြုံလှ”၊ “နိုင်ငံ့အနာဂတ် လှပဖို့ မူးယစ်ဆေးကို အမြစ် ဖြတ်စို့”၊ “ဗလ ငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကိုတိုက်ဖျက်စို့”၊ “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်စို့၊ ” BREAK THE CYCLE. #STOP ORGANIZED CRIME” စသည့် ခေါင်းစဉ်များဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄)ဦး၊ အလယ်တန်းအဆင့်(၂၂)ဦး ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၆ ခုနှစ်ဇွန်လ (၂၆) ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့