
တောင်ကြီး မေ-၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မေ(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသော အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မူတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၃၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းအဆင့်တွင် ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကိုတိုက်ဖျက်စို့၊ အလယ်တန်းအဆင့်တွင် နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကိုအမြစ်ဖြတ်စို့ ခေါင်းစဥ်များဖြင့် စာစီစာကုံးဖြေဆိုနေကြသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၃၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ(၈၂)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၃)ဦး ပါဝင်ယှဥ်ပြိုင်ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ် အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းမှ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ရှမ်ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရေးမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာပြီး မိမိအသင်းအောင်မြင်မှုရရှိနိုင်ရန် တရားသဖြင့်ယှဥ်ပြိုင်၍ နိုင်အောင် ကြိုးပမ်းကြဆိုသည့် စိတ်ဓာတ်ဖြင့် ကြိုးစားယှဥ်ပြိုင်သွားကြရန်၊ ကိုယ်စွမ်းဥာဏ် စွမ်းရှိသရွေ့ မိမိပြည်နယ်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ကြရန် အထူးမှာကြားလိုကြောင်း ပြောကြားသွားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအား ပြိုင်ပွဲဝင်အသုံးစရိတ်၊ ထောက်ပံ့ငွေနှင့် အောင်နိုင်ရေးအလံပေးအပ်ရာ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများမှ လက်ခံရယူကြပြီး အလှူရှင်များမှ အောင်နိုင်ရေးရန်ပုံငွေများ ပေးအပ်လှူဒါန်းပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဝင် ရှမ်းပြည်နယ်ဘောလုံးအသင်းအုပ်ချုပ်သူ နည်းပြချုပ်က ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများအား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
ဆက်လက်၍ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော အသက်(၁၈)နှစ်အောက် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဂ)တွင် ပါဝင်သော အသင်းများအား ကြိုဆို မိတ်ဆက်ခြင်းအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်း သားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် ရှမ်းပြည် နယ်အသင်း၊ ကယားပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့မှ အသင်းလိုက် မိတ်ဆက်ကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားသည် ခွန်အား၊ သက်လုံ ဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ်များဖြစ်သည့်အတွက် ထူးချွန်သည့်ကစား သမားများဖြစ်အောင် မိမိတို့၏ ကျွမ်းကျင်မှု၊ အရည်အသွေးများနှင့် ပေါင်းစပ်ပြီး အကောင်းဆုံး ပုံဖော်ယှဥ်ပြိုင်ကစားသွားကြရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြိုင်ပွဲကာလသာမက ပြိုင်ပွဲပြီးစီး၍ မိမိတို့နေရပ် ပြန်ရောက်ချိန်အထိ စိတ်ချမ်းသာပျော် ရွှင်စွာပြိုင်ပွဲဝင်နိုင်ရေးကို အဖက်ဖက်က စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ဝင်အသင်းများအောင်မြင်မှုရရှိပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများအား စားစရိတ်ထောက်ပံ့ငွေ (၂၆၁၈၀၀၀)ကျပ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ပေးအပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်တိုင်းဒေသကြီး၊ ပြည်နယ်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့