တောင်ကြီး ဧပြီ-၁၆
၁၃၈၇ခု၊ ၂၀၂၆ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ဧပြီ(၁၆)ရက်ညနေ့(၄)နာရီခွဲက တောင်ကြီးမြို့၊ သစ်တောရပ်ကွက် ပြည်နယ်လွှတ်တော်ရုံးအနီးရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ပိတ်ပွဲတွင် မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အတက်နောက်ဆုံးနေ့ဖြစ်ဒါနှင့်အညီ ဒေသခံအဆိုတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးနှင့်မမတို့ယိမ်းအဖွဲ့များမှ ဖျော်ဖြေတင်ဆက်ကြပြီး ဒေသခံပြည်သူများမှ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ရေကစားပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာတောင်ကြီးမြို့ မြန်မာ့ရိုးရာမဟာအတာသကြင်္န်ပွဲတော်တွင် ပါဝင်ယှဥ်ပြိုင်ကြသော ယိမ်းအဖွဲ့၊ နှစ်သိမ့်ဆုရရှိသော(၃၃)အဖွဲ့များအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က အသီးသီးဆုများချီးမြှင့်ပေးကြသည်။
ထို့နောက် ပဥွမဆုရရှိသော တောင်ကြီးတက္ကသိုလ်အသင်းကိုယ်စားပြု သင်္ကြန်လုလင်ယိမ်းဖွဲ့အား ဆုများကိုပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ စတုတ္ထဆုရရှိသော ချမ်းမြသာစည်ရေအေးကွင်း၊ မင်္ဂလာဦး၊ ပြည်တော်သာကိုယ်စားပြု ရွှေဝါဖူးယိမ်းအဖွဲ့အား ဆုများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ တတိယဆုရရှိသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု ရွှေနေကြာယိမ်းအဖွဲ့အား ဆုများကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စားပြု ချယ်ရီပျိုမေယိမ်းအဖွဲ့အား ဆုများကို အရှေ့ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦးက လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးပညာရေးဒီဂရီယိကောလိပ်ယိမ်းအဖွဲ့အား ဆုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးတို့က အသီးသီးချီးမြှင့်ပေးကြသည်။
ထို့နောက် မြန်မာ့ရိုးရာမဟာအတာသကြင်္န်ပွဲတော် ပိတ်ပွဲကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ၂၀၂၆ခုနှစ် ဧပြီလ၁၃ရက်နေ့ကစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် ၁၃၈၇ခုမှ ၁၃၈၈ခုသို့ကူးပြောင်းသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးတွင် တိုင်းရင်းသားညီအကို မောင်နှမများအားလုံး ချစ်ခင်ရင်းနှီးစွာ၊ စည်းလုံးညီညွတ်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယူနက်စကိုက လူသားမျိုးနွယ်ဆိုင်ရာ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုပြီးဖြစ်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီးကို အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ခဲ့ခြင်းသည် ရှမ်းပြည်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူတို့၏ ချစ်ကြည်ဖြူစွာလက်တွဲခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်ကောင်းများဖြစ်ပါကြောင်း၊ မကြာမီအချိန်အတွင်းမှာ ရောက်ရှိလာတော့မည့် ၁၃၈၈ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်မှစတင်ပြီး တိုင်းရင်းသားပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့်အတူ မင်္ဂလာနှစ်သစ်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စိတ်သစ်လူသစ်နှင့် တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
၎င်းနောက် မြန်မာ့ရိုးရာ မဟာအတာသကြင်္န်ပွဲတော်ပိတ်ပွဲကို မန်းတောင်ရိပ်ခိုတေးသီချင်းနှင့် ပိတောက်လက်ဆောင်တေးသီချင်းဖြင့် ယိမ်းအဖွဲ့များမှ တူညီကကွက်များဖြင့် ကပြဖျော်ဖြေပိတ်သိမ်းလိုက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ယိမ်းအကအဖွဲ့အား အတာရေပက်ဖျန်းပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့