တောင်ကြီး ဧပြီ-၂၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ(၂၆)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသော ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်ပွဲစဥ်တွင် အမျိုးသားတောင်ကြီးခရိုင်အသင်းနှင့် ကလောခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များတို့က ကြည့်ရှုအားပေးကြရာ တောင်ကြီးခရိုင်အသင်းက သုံးပွဲပြတ်အနိုင်ရရှိသွားကြောင်းသိရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆု(၅)သောင်းချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆုရရှိသူ၊ အကောင်းဆုံးရိုက်ခုတ်ဆုရရှိသူ၊ အကောင်းဆုံးပင့်ထောင်ဆုရရှိသူ၊ အကောင်းဆုံးဆယ်မဆုရရှိသူ၊ အကောင်းဆုံးပိတ်ဆို့ဆုရှိသူများနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူတို့ကို တိုင်းရင်းသားရေးရာဝန်ကြီးများက အသီးသီးချီးမြှင့်ပေးကြသည်။
၎င်းနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု ရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆု(၅)သောင်းချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးဆယ်မဆု၊ အကောင်းဆုံးပိတ်ဆို့ဆု ရရှိသူနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများကို တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်သယံဇတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့က အသီးသီးဆုများချီးမြှင့်ပေးကြသည်။
ယင်းနောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော မိုင်းဆတ်ခရိုင်အသင်းနှင့်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီး၊ လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော တာချီလိတ်ခရိုင်အသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ကလည်းကောင်း အသီးသီးဆုချီးမြှင့်ပေးကြသည်။
ဆက်လက်၍ အမျိုးသမီးဒုတိယဆုရရှိသော လားရှိုးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားဒုတိယဆုရရှိသော ကလောခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက လည်းကောင်း၊ ပထမဆုရရှိသော အမျိုးသမီးတောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ငွေသားဆုနှင့်ဆုဖလားတို့ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က အသီးသီးချီးမြှင့်ပေးကြသည်။
ထို့နောက် အမျိုးသားပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့် ဆုဖလားတို့ကိုချီးမြှင့်ပေးကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့