
ပင်လောင်း ဧပြီ ၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် တတိယအကြိမ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ အောင်ပွဲတရားတော် နာယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရင်းမှီးပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ကြွရောက်တော်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ဒါယကာ/ ဒါယိကာမတို့က “နမော တဿ”ဂါထာ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ရင်းမှီးပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တဝါယာမ က ဩဝါဒမြိုက်ကြားတော်မှုသည်။
ဆက်လက်၍ သာသနာ့ဒါယကာ/ဒါယိကာမတို့က သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးကန်တော့ ကြပြီး၊ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် မြသိန်းတန်းဆရာတော် ဘဒ္ဒန္တမင်္ဂလထံ ငါးပါးသီလခံယူဆောက်တည်ကြရာ ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော် ချီးမြှင့်ပေးခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က သာသနာရေး ဆိုင်ရာကိစ္စရပ်များ လျှောက်ထားများခြင်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး၊ ရင်းမှီးရပ်ကွက်နှင့် နောင်တရားမှ ဓမ္မစကြာအဖွဲ့မှ စာအောင်သံဃာတော်များအား ရှစ်လုံးဖွဲ့ ကဗျာလင်္ကာဖြင့် ရွတ်ဆို ပူဇော်ဂုဏ်ပြုပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင် သာသနာ့ဒါယကာ/ဒါယိကာမများက (၂၀၂၅)ခုနှစ် ပင်လောင်းမြို့နယ်၌ ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် အစိုးရပါဠိ ပထမပြန်စာဖြေဌာနမှ ပထမကြီးတန်း၊ ပထမလတ်တန်း၊ အခြေပြုမူလတန်း အစိုးရ ပါဠိပထမပြန် စာမေးပွဲတွင် စာအောင်သံဃာတော်(၄၂)ပါးအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ယင်းနောက် မြို့နယ်သံဃနာယက အကျိုးတော်ဆောင် မြသိန်းတန်ဆရာတော်က အနုမောဒနာ တရားဟောကြားတော်မှုပြီး၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ “ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု” ဂါထာဖြင့် သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့