တောင်ကြီး မတ်-၂၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ မတ်လ(၂၃)ရက်၊ မွန်းလွဲ(၁) နာရီက တောင်ကြီးမြို့၊ အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ သာသနာရေးနှင့်ယဥ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုဖူးမျှော်ကြည်ညိုကြကြောင်းသိရသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲတွင် ကြီးကြပ်နေသော တောင်ကြီးမြို့၊ နိုင်ငံတော်ဩဝါဒါစရိယ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသနှင့် ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုပြီး စာပြန်ပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူငွေကျပ်သိန်း(၅၀) ပေးအပ် လှူဒါန်းရာ အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဆရာတော်၊ သံဃာတော်ကြီးများအား အအေးဗူးများဆက်ကပ်လှူဒါန်းပေးကြပြီး အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းပေးအပ်ရာ မြို့လယ်ဓမ္မာရုံဂေါပအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေသည့် စာဖြေသံဃာများအား ကြည့်ရှုဖူးမျှော်ကြည် ည်ိုကြကြောင်းသိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၃)ရက်မှ ဧပြီလ (၄)ရက်နေ့ထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး အစိုးရဓမ္မာစရိယတွင် ဖြေဆို(၇၅၁)ပါး၊ ပါဠိပထမပြန်စာမေးပွဲ အကြီးတန်းတွင်(၅၃၂)ပါး၊ အလတ်တန်း(၈၇၆)ပါး၊ အငယ်တန်း (၁၉၀၅)ပါး၊ မူလတန်း(၃၁၂၀)ပါး စုစုပေါင်း (၇၁၈၄)ပါးနှင့် ကြီးကြပ်ဆရာတော်(၄၅၆)ပါး၊ သီလရှင်(၈)ပါး၊ လူပုဂ္ဂိုလ်(၃)ဦးဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၉)ရက်နေ့တွင် တောင်ကြီးမြို့၊ ကမ္ဘောဇသာသနာ့ဗိမာန်၌ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့