မတ်-၁၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မတ်လ(၁၈)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း(ဒဲဥ်သီးဗွေ)ကွင်း၌ ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို)ပူးပေါင်းဖွင့်လှစ်သည့် Teaching Assistant(TA)နှင့် Language Teacher(LT)နှင့် အစိုးရစာသင်ကျောင်းများတွင် သင်ကြားနေသည့် ပအိုဝ်းဆရာ/ဆရာမများမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယနေ့အခမ်းအနားတွင် ပအိုဝ်းတိုင်းရင်းသားဘာသာ စာပေသင်အထောက်အကူပြု Teaching Assistant (TA)နှင့် Language Teacher(LT) ဆရာ၊ဆရာမများမွမ်းမံသင်တန်းဖွင့်လှစ်ရန် ခွင့်ပြုရန်ပုံငွေကျပ် ၁၄,၃၀၀,၀၀၀ိ/(ကျပ်တစ်ရာလေးဆယ်သုံးသိန်းတိတိ)ကိုထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊သင်တန်းတွင်ဒေသအသီးသီးမှ ပအိုဝ်းတိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများ စုစုပေါင်း (၂၀၀)ဦးတို့အားသင်တန်းများပို့ချသွားမည့်ဖြစ်ပြီး သင်တန်းကာလမှာ(၅) ရက် ကြာမြင့်မည် ဖြစ်ကြောင်း၊ သင်တန်းကိုတက် ရောက်မည့် ဆရာဆရာမများအနေဖြင့် သင်တန်းကာလပြီးစီး၍ မိမိတို့အရပ်ဒေသပြန်လည်ရောက်ရှိသည့်အချိန်တွင် သင်တန်းက ပို့ချသည့်သင်ခန်းစာများ၊ အသိပညာ၊ဗဟုသုတများကို မျိုးဆက်သစ်လူငယ်များထံ ပြန်လည်မျှဝေနိုင်ရေးအတွက်ဆောင်ရွက် ပေးကြရန်မှာကြားလိုကြောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေများကို မိမိတို့ပအိုဝ်းတိုင်းရင်းသားများအတွက် အကျိုးဖြစ်ထွန်းစေမည့်ရိုးရာယဥ်ကျေးမှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ စာပေဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍများကိုအောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ပအိုဝ်းတိုင်းရင်းသားဘာသာစာပေ သင်အထောက်အကူပြု Teaching Assistant (TA) နှင့်Language Teacher (LT)ဆရာ၊ ဆရာမများမွမ်းမံသင်တန်းသို့တက်ရောက်ကြသော သင်တန်းသားများအနေဖြင့်သင်တန်းနည်းပြမှ သင်ကြားပြသသည့်အချိန်တွင် စိတ်ပါဝင်စားစွာနှင့်လေ့လာသင်ယူကြပြီး တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ယခုဖွင့်လှစ်သည့် သင်တန်းကို အောင်မြင် စွာပြီးမြောက်နိုင်ရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကသင်တန်းအတွက်ထောက်ပံ့ငွေကျပ် (၁၄၃) သိန်းပေးအပ်ရာ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ လက်ခံရယူသည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်ယဥ်မင်းစုက သင်တန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်း ပြသထားသော ပအိုဝ်းစာပေသင်ရိုးညွှန်းတန်းပ ထမတန်း၊ ဒုတိယတန်း၊ တတိယတန်းဖတ်စာအုပ်များကို ကြည့်ရှုကြပြီး အခမ်းနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။