တောင်ကြီး မတ်-၁၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ်လ(၁၇)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သည့် အားကစားနည်းအလိုက် ဒိုင်/နည်းပြသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယခုသင်တန်းကို မြန်မာ့အားကစားတိုးတက်မြင့်မားရေး အထောက်အကူဖြစ်စေရန်၊ အရည်အသွေးပြည့်ဝသည့် ဒိုင်/နည်းပြဆရာများပေါ်ထွက်လာစေရန်၊ပြောင်းလဲလာသည့် အားကစားနည်းအလိုက် ဥပဒေသစ်များကို ခေတ်နှင့်အညီ သိရှိနားလည်လာစေရန်၊ ရှမ်းပြည်နယ်အတွင်း အားကစား နည်းအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက် အကူပြုနိုင်စေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဒိုင်/နည်းပြသင်တန်းသား၊သင်တန်းသူများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများကအားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများကို လိုက်လံနှုတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ဒိုင်/နည်းပြသင်တန်း(၁/၂၀၂၆)ကို အား ကစားနည်း(၁၃)မျိုးနှင့် သင်တန်းသား၊ သင်တန်းသူ(၂၄၈)ဦးတက်ရောက်ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့်အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှု ဒုတိယအကြိမ်ရှေ့ပြေးစီမံကိန်း(Pilot Project) အရ စီမံကိန်းနယ်မြေအတွင်း ပအိုဝ်းတိုင်းရင်းသားရိုးရာအထည်ချုပ်သင်တန်းနှင့်ရိုးရာယဥ်ကျေးမှုအဆို၊အက၊အတီးသင်တန်းဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်စီမံကိန်းနယ်မြေအတွင်းနေထိုင်သည့် ဟိုပုံးမြို့နယ်ရှိ နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာအုပ်စုတို့ရှိ ဒေသခံတိုင်းရင်းသားများအတွက် မိမိတို့၏ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများမပျောက် ပျက်စေရေး၊ ပိုမိုချစ်မြတ်နိုးတန်ဖိုးထားတတ်စေရေးနှင့် ရိုးရာအမွေအနှစ်များကို မျိုးဆက်သစ်လူငယ် များလက်ဆင့်ကမ်းထိန်းသိမ်းတတ်စေရေး တို့ကိုရည်ရွယ်ပြီး ပအိုဝ်းရိုးရာအထည်ချုပ်သင်တန်းအတွက် သင်တန်းသူ(၂၀)ဥဦးကို သင်တန်းကာလ (၁)လဖြင့်လည်းကောင်း၊ ပအိုဝ်းတိုင်းရင်းသားရိုးရာယဥ်ကျေးမှု အဆို၊အက၊အတီးသင်တန်းအတွက် သင်တန်းသား(၂၀)ဦးကို သင်တန်းကာလ(၁၅)ရက် တို့ဖြင့်လည်းကောင်း သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်နည်းပြများဖြင့် ဟိုပုံးမြို့နယ်၊နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ဖွင့်လှစ်သင်ကြားပို့ချသွားပေးမည်ဖြစ် ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင် အောင်က သင်တန်းအတွက် ရန်ပုံငွေနှင့်အပ်ချုပ် စက်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ရာ သင်တန်းနည်းပြဆရာမများမှ လက်ခံရယူကြပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ပအိုဝ်းရိုးရာ အဆို၊အက၊အတီးသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းနည်းပြ ဆရာများမှ လက်ခံရယူကြသည်။
ယင်းနောက် သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်ထောက်ကူအပ်ချုပ်စက်နှင့်အိုးစည်ဗုံ၊မောင်း၊လင်ကွင်းတို့ကိုကြည့်ရှု၍ သက်မွေးပညာရေးဌာနတွင် နည်းပြဆရာများနှင့်သင်တန်းသားများမှလက်တွေ့ အိုးစည်တီးပြနေမှု၊ သင်တန်းသူများမှလက်တွေ့စက်ချုပ်ပြသနေမှုတို့ကိုပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကသွားကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်ဘဒ္ဒန္တရာဇိန္ဒအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦး အောင်အောင်က နွေရာသီပအိုဝ်းတိုင်းရင်းစာပေနှင့်ဗုဒ္ဓ ဘာသာယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများအား လမ်းညွှန် အမှာစကားပြောကြားပြီးဘသင်တန်းနည်းပြဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်အကြီးအကဲများသည် မွန်းလွဲ (၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီလက်ထက်တွင် ရှမ်းပြည်နယ်အတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၉)ခု၊ အမေရိကန်ဒေါ်လာ (၁၀၀.၈၆၃)သန်းနှင့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂၆)ခု၊ ကျပ်(၁,၆၇၇,၁၅၅.၈၈၃) သန်းကိုစိစစ်ခွင့်ပြုနိုင်ခဲ့ပြီး ကော်မတီအစည်းအဝေးတွင် မှတ်တမ်းတင်ရန်ဆွေးနွေးအတည်ပြုခဲ့ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းတင်အောင်သိန်းက ရှမ်းတောင် အအေးခန်းကုမ္ပဏီလီမိတက်က သိုလှောင်ရုံများတည်ဆောက်ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် ရှမ်းတောင်အက်ဂရိိုအိတ်(စ်)ချိန်းကုမ္ပဏီကလီမိတက်၏ တောင်သူအကျိုးအတွက် လယ်ယာထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရောင်းဝယ်ရေးနှင့် ဈေးဆိုင်ခန်းများ ဌားရမ်းခြင်းဝန်‌‌ေဆာင်မှုလုပ်ငန်းတို့ကို အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ်ရှင်းလင်းတင်ပြပြီးသည်။
ယင်းနောက် ရှမ်းတောင်အအေးခန်းကုမ္ပဏီလီမိတက်နှင့် ရှမ်းတောင်အက်ဂရိုအိတ်(စ်)ချိန်း ကုမ္ပဏီလီမိတက်တို့၏အဆိုပြုလုပ်ငန်းနှင့်စပ်လျဥ်း၍ဝာာဝန်ရှိသူများက Power Point ဖြင့်ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ သိုလှောင်ရုံဝန်ဆောင်မှုလုပ်ငန်းနှင့် လယ်ယာထွက်ကုန် လက်ကားစျေးကွက် ဆိုင်ရာအခြေခံအဆောက်အဦများတည်ထောင်ခြင်းလုပ်ငန်းတို့ကို အတည်ပြုမိန့်ဖြင့် ဆောင်ရွက်ခွင့်ပြုပါရန်တင်ပြလာခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုင်းတင် အောင်သိန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီလက်ထက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင့်ပြုပေးခဲ့မှုအခြေအနေများကို မှတ်တမ်းတင်နိုင်ရန်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးတွင် ရှမ်းတောင်အအေးခန်းကုမ္ပဏီလီမိတက်၏ သိုလှောင်ရုံများ တည်‌ေဆာက်ဌားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ရှမ်းတောင်အက်ဂရ်ိုအိတ် (စ်)ချိန်းကုမ္ပဏီ လီမိတက်၏ တောင်သူအကျိုးအတွက် လယ်ယာထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရောင်းဝယ်ရေးနှင့် ဈေးဆိုင်ခန်းများ ဌားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း (၂)ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏကျပ်သန်း(၁၁,၇၉၆.၂၄၃)နှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၇)ဦးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲံ