Select Page

တောင်ကြီး အောက်တိုဘာ-၂၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဉီးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ (၂၀)ရက် နံနက်ပိုင်းက တောင်ကြီး မြို့နယ်၊ အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး)တွင် အကြီးစားပြင်ဆင် ထိန်းသိမ်း နေသည့် အဆောက်အဦီများ ၊ အဆောက်အဦသစ် ဆောက်လုပ်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အေးသာယာစက်မှုဇုန်ရှိ ပြောင်းအခြောက်ခံစက်ရုံအား သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ဉီးစွာ နည်းပညာ တက္ကသိုလ် (တောင်ကြီး)တွင် အကြီးစားပြင်ဆင် ထိန်းသိမ်း နေသည့် အဆောက်အဦီများ ၊ အဆောက်အဦသစ် ဆောက်လုပ်ခြင်းလုပ်ငန်းများအား နည်းပညာတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်က Master Plan အားလည်းကောင်း၊ အစည်းအဝေး ခန်းမတွင် power point ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြီးစားပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်နေသည့် သုံးထပ်ကျောင်းဆောင်အားလည်းကောင်း၊ ကျောင်းသား၊ကျောင်းသူ အိပ်ဆောင် များအား လည်းကောင်း၊ စာသင်ဆောင်များအား လည်းကောင်း၊ အသစ်တည်ဆောက်နေသည့် ဆရာ၊ ဆရာမ အိမ်ရာ(၄)ခန်းတွဲ (၄)ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်နေမှုကို လည်းကောင်း၊ အကြီးစား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ကျောင်းသား၊ ကျောင်းသူ စာသင်ဆောင်(၄)လုံး အားလည်းကောင်း၊ ဘောလုံးကွင်း ပွဲကြည့်စင်နှင့် ပြေးလမ်းဆောင်ရွက်မည့် နေရာကိုလည်းကောင်း၊ Recreation Centre RC (၁) ထပ်ဆောင် ဆောက်လုပ်မည့်နေရာတို့ကို လည်းကောင်း၊ လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အေးသာယာစက်မှုဇုန်ရှိ ပြောင်းအခြောက်ခံစက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဉီးက ပြောင်းအခြောက်ခံစက်ရုံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပြောင်းအခြောက်ခံစက်ရုံအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့