Select Page

ညောင်ရွှေ အောက်တိုဘာ-၁၈
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄) ဆူ အင်းလေးဒေသ (၂၁) ဌာနသို့ ဒေသစာရီ ကြွချီအပူဇော်ခံလျက်ရှိရာ သီတင်းကျွတ်လဆန်း(၇)ရက် အောက်တိုဘာ (၁၈)ရက် နံနက်(၇) နာရီက ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာမှ အင်းလေးရိုးရာ ဘုရားဆွဲလှေ(၄၂)စီးဖြင့် အင်းလေး ရေပြင်ကိုဖြတ်၍ ညောင်ရွှေမြို့ ၊ အဋ္ဌဒိသာဓမ္မဝိဟာရဒေသစာရီ ကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီ အပူဇော်ခံလျက်ရှိကြောင်း သိရသည်။
ဦးစွာ ညောင်ရွှေမြို့ ဖောင်တော်ပြန်မဏ္ဍပ်ရှေ့ရှိ နန်းကပ်ချောင်းအတွင်း အင်းလေး အစုအဖွဲ့မှ ဆောင်ရွက်ထားသော စွမ်းအင်သုံးစွဲမှု လျော့ချနိုင်ရေး၊ အင်းရေပြင်တွင် စက်ဆီများ ညစ်ညမ်းမှု လျော့ချနိုင်ရေးအတွက် EVစက်လှေဖြင့်ကျောင်းကြို၊ကျောင်းပို့နှင့် အင်းလေးဒေသထွက်ကုန်ဖြစ်သည့် ခရမ်းချဥ်သီး သယ်ယူပေးပို့မှု သရုပ်ပြသခြင်း၊ ဆွမ်းပို့လှေသရုပ်ပြသခြင်း၊ ကိန္နရီ ကိန္နရာ အက၊ အင်းတိုင်းရင်းသားအက၊ တိုးနယားအကတို့ဖြင့် ကပြဖျော်ဖြေနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိ သူများနှင့် ဒေသခံပြည်သူများ၊ ပွဲတော်လာ ဧည့်ပရိတ်သတ်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် အင်းလေးဖောင်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄) ဆူ ပင့်ဆောင်လာသည့် ကရဝိတ်ဖောင်တော်သည် ညောင်ရွှေမြို့ နန်းကပ်ချောင်းအတိုင်း အင်းလေးရိုးရာဆွဲလှေများဖြင့် ပင့်ဆောင်လာရာ ညောင်ရွှေမြို့ဖောင်တော်ဆိုက်ပြဿဒ်သို့ ဆိုက်ရောက်ပြီး ကရဝိတ်ဖောင်တော်ပေါ်မှ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် ပထမအဆူကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ပြည်နယ်ဝန်ကြီးများက ပင့်ဆောင်၍ လည်းကောင်း၊ ဒုတိယအဆူကို ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက လည်းကောင်း၊ တတိယအဆူကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက လည်းကောင်း၊ စတုတ္ထ အဆူကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့်၊ ပြည်နယ်ဥပဒေချုပ်တို့ကလည်းကောင်း ပင့်ဆောင်ပေးကြပြီး ညောင်ရွှေမြို့အတွင်းသို့ လှည့်လည် အပူဇော်ခံမည့် ဘော်ယာဥ်ပြဿဒ်ပေါ်သို့ ပင့်ဆောင်ပူဇော်ပေးကြသည်။
၎င်းနောက် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့အတွင်း လှည့်လည်အပူဇော်ခံနေစဥ် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများ ကျင်းပရာ အမျိုးသား(၄၆)တက် အကြို ဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲ၊ အမျိုးသားရာကျော်လှေ အကြိုဗိုလ်ပွဲနှင့်ဗိုလ်လုပွဲ၊ ကျောင်းသားတစ်ဦးချင်း အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲ၊ ကျောင်းသား(၂၆)တက် ဗိုလ်လုပွဲနှင့်အမျိုးသမီး (၂၆) တက် ဗိုလ်လုပွဲစဥ်များ ယှဥ်ပြိုင်ကြရာ လှေအသင်းများက အားကြိုးမာန်တက် စည်းလုံးညီညွတ်မှု စိတ်ဓာတ် အပြည့်ဖြင့် ယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ၊ ပွဲတော်လာဧည့်ပရိတ်သတ်များက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ တိုင်းရင်းသားယဥ်ကျေးမှုအကအဖွဲ့နှင့်ဆွမ်းပို့လှေအဖွဲ့ကို အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ တစ်ဦးချင်း လှေလှော်ပြိုင်ပွဲတွင် ဒုတိယနှင့်ပထမဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်က လည်းကောင်း၊ ကျောင်းသား(၂၆)တက်ပြိုင်ပွဲတွင် ဒုတိယဆု၊ပထမဆုရရှိသည့် အသင်း များကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကလည်းကောင်း၊ အမျိုးသား(၄၆)တက် ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆု ရရှိသည့် အသင်းများကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကလည်းကောင်း၊ အမျိုးသမီး(၂၆)တက် ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသည့် အသင်းများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က အမျိုးသားရာကျော်လှေလှော်ပြိုင်ပွဲတွင် ဒုတိယနှင့်ပထမဆုရရှိသည့် အသင်းများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြောင်းသိရှိရသည်။
ထို့နောက် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ဆုပေးပွဲကို နောင်အင်းလေးသီချင်းဖြင့် အောင်မြင်စွာ ပိတ်သိမ်းရာ ပြိုင်ပွဲဝင် လှေလှော်သား၊ လှေလှော်သူ များက တံခွန်စိုက်ဆုဖလားများကို ကိုင်မြောက်ကာ တစ်ပျော်တစ်ပါးကခုန်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊တာဝန်ရှိသူများက ကြည့်ရူ အားပေးခဲ့ကြ ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ညောင်ရွှေမြို့၊ အဋ္ဌဒိသာဓမ္မဝိဟာရစံကျောင်းတော်၌ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား၊ ရုပ်ရှင်တော်မြတ် ကိုယ်စားတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးတို့က ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
၎င်းနောက် ဆရာတော်၊သံဃာတော်များနှင့်ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် တို့က အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓါန နာယက နိုင်ငံတော် သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မိုင်းသောက်ဆရာတော်ဘုရားကြီးထံ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်မြတ်များ နာယူကြည်ညိုကြသည်။
ယင်းနောက် ဆရာတော်၊သံဃာတော်ကြီးများအား ပြည် နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပေးကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ပြီးမြောက်ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့