
တောင်ကြီး အောက်တိုဘာ-၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၁၅)ရက်နံနက်ပိုင်းက တောင်ကြီးမြို့ တောင် ကြီးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပသော အသေးစား၊ အငယ်စား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်း ရှင်များ အတွက် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယနေ့သင်တန်းကို တောင်ကြီး တက္ကသိုလ်က ကြီးမှူးဖွင့်လှစ်တာဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး သင်တန်းဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့ပေါင်းစပ် စီမံခန့်ခွဲနိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊MSMEs လုပ်ငန်းများ အရှိန်အဟုန်နှင့် အောင်မြင်တိုးတက်နေမှသာ အရည်အသွေးကောင်းသည့် ကုန်ပစ္စည်းများ ထုတ်လုပ် နိုင်ပြီး နိုင်ငံခြားအထိ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာမှာဖြစ်သလို ရှမ်းပြည်နယ်၏ ရည်ရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်လူနေမှုအဆင့် မြင့်မားလာမှု
ကိုလည်း အာမခံချက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်အောင်မြင်ပြီး ရှမ်းပြည်နယ်၏ စီးပွားရေးတိုးတက်အောင်မြင်မှုများကို ဖော်ဆောင်နိုင်သော လုပ်ငန်းများဖြစ်အောင် ဆက်လက်ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် တောင်ကြီးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့် က နှုတ်ခွန်းဆက် စကားပြောကြားပြီး တောင်ကြီးတက္ကသိုလ်၊ စီးပွားရေးပညာဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာ ခင်မာ လာမောင်က သင်တန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြသည်။၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားတက်ရောက်မည့် စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်းကို အောက်တိုဘာ(၁၅)ရက်မှ (၁၆)ရက်နေ့ အထိ သင်ကြားပို့ချသွားမည့်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့