Select Page

တောင်ကြီး စက်တင်ဘာ-၂၂
ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေး‌ရေး လုပ်ငန်းကော်မတီ၏ လူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင် တန်းဆင်းပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ရှမ်းပြည်နယ် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရေး လုပ်ငန်းကော်မတီအနေဖြင့် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေနှင့် ကျောင်းပြင်ပမှာရောက်ရှိနေသောကလေးများ ကို မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေ တိုးတက်စေရေး၊ အန္တရာယ်ရှိသည့် အလုပ်အကိုင်များမှကလေးအလုပ် သမားများ ပပျောက်စေရေးဆိုသည့် ရည်ရွယ်ချက်များနှင့် သက်မွေးသင်တန်းများကို အခမဲ့ သင်ကြားပေးပြီး ဘဝ ရပ်တည်နိုင်ရေးအတွက် ပြုစုပျိုးထောင်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ယခုသင်ကြား တတ်မြောက်ခဲ့သည့် သင်တန်း သား သင်တန်းသူများအနေဖြင့် ကျွမ်းကျင်မှုအဆင့်နှင့် တင်းတိမ်ရောင့်ရဲခြင်း မရှိဘဲ မိမိဘဝတိုးတက်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစဉ်အဆက်လေ့လာဆည်းပူး သင်ကြားသွားကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် တန် ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းနောက် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သင်တန်းသား၊ သင်တန်းသူများမှ ပြုလုပ်ဆောင်ရွက် ထားသော လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ တို့ကို ကြည့်ရူအားပေး၍ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့