Select Page

တောင်ကြီး စက်တင်ဘာ-၂၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၅ ရက် နံနက် ပိုင်းက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးခန်းမ၌ အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း အစီအစဉ်ဖြင့် တောင်ကြီးမြို့နယ်၊ ကံကြီးရပ်ကွက်နှင့်ဟမ်းဆီးစံပြကျေးရွာတို့တွင် ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယခုဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းသည် အလုပ်အကိုင်အခွင့်အလမ်း ပေါ်ထွန်းရေးကိုအားပေးသော စီးပွားရေးလုပ်ငန်း များပေါ်ထွက်လာစေရေးအတွက် သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် စာတွေ့ (၃၀) ရာခိုင်နှုန်း၊ လက်တွေ့ (၇၀) ရာခိုင်နှုန်းနှင့် အခြေခံဘာသာရပ်ကို (၃၀)ရက်၊ မွမ်းမံဘာသာရပ်ကို (၁၅)ရက် စုစုပေါင်း (၄၅)ရက် သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းသားများကို အထူးမှာကြားလိုသည်မှာ သင်တန်းမှ သင်ကြားပေးခဲ့သည့် နည်းပညာများကို လက်တွေ့နယ် ပယ်တွင် အမှန်တကယ်အသုံးချသွားပြီး လုပ်ငန်း ထူထောင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်ကထားရှိသည့်စေတနာတွေအပေါ် လုပ်ငန်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ကံကြီးရပ်ကွက်နှင့်ဟမ်းဆီးစံပြကျေးရွာတို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက လည်းကောင်း၊ သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းစိုးစိုးထွေးက လည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက လည်းကောင်း၊ အသီးသီးပေး အပ်ရာ သင်တန်းသူများမှ လက်ခံရယူပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများကို ကြည့်ရူအားပေး ခဲ့ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့