
ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ မယ်ဟောက်ချောင်းကမ်းပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး
တာချီလိတ် မတ် – ၂၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု ဆီဝန်းထောင်းကျေးရွာအနီး B.R.P-34 နှင့် B.R.P-31 အကြားတွင် မယ်ဟောက်ချောင်းကမ်းပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို မတ် (၂၂)ရက် နံနက်(၈)နာရီခွဲက အဆိုပါနေရာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု စစ်ဆေးရာ လုပ်ငန်းတာဝန်ခံတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး မယ်ဟောက်ချောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ တာချီလိတ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်၍ အမှာစကားပြောကြားရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အနေဖြင့် ဆောင်ရွက် ပေးရန် လျာထားချက်(၅၄၀၆၃)ဦး ရှိရာမှာ ၂၀၂၂ ခုနှစ် မတ်လ(၁၃)ရက်နေ့ထိ (၄၇၄၃၀)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး (၆၆၃၃)ဦး ဆောင်ရွက်ပေးရန် ကျန်ရှိနေပါကြောင်း၊ ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် (၈၇.၇၃) တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပန်းခင်းစီမံချက်ဖြင့် ယနေ့ပေးအပ်သည့် အခမ်းအနားမှာ ကတ်ပြားပေါင်း(၂၄၆၆)ကတ်နှင့် အိမ်ထောင်စု (၂၁၃)စုကို ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့နယ်မှာလည်း တာလေ၊ ကျိုင်းလပ် အပါအဝင် ရပ်ကွက်(၁၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာပေါင်း(၃၁၅)ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ (၁)သိန်း(၉)သောင်းကျော် နေထိုင်လျက်ရှိပြီး တာချီလိတ်မြို့နယ်အနေဖြင့် စီမံချက် လျာထားဦးရေ(၆၅၈၁)ဦး ဆောင်ရွက်ပေးရမှာ ဖြစ်သော်လည်း သတ်မှတ်ကာလမတိုင်မီ (၁၁)လအတွင်း အိမ်ထောင်စုလူဦးရေစာရင်း(၆၁၀)နှင့် ကိုင်ဆောင်လက်မှတ်(၆၈၁၃)ထိ ရာနှုန်းပြည့်ကျော်လွန်အောင် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေးအတွက် ထုတ်ပြန်ထားသော ကန့်သတ်ချက်များနှင့် အခြားသော အခက်အခဲကြားမှ (၁၁)လအတွင်း စီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင်ရေးအတွက် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ခဲ့တဲ့ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ် ရုံးဝန်ထမ်းများအား မှတ်တမ်းတင် ဂုဏ်ပြု ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ကြပြီး ဒေသခံတိုင်းရင်းသားများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့