
ရှမ်းပြည်နယ်ဝန်ကြီးချုပ် Quarantine Center (ဝမ်လုံး) အဆောက်အဦ ကြည့်ရှုစစ်ဆေး
တာချီလိတ် မတ် – ၂၂

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ များသည် မတ်(၂၁)ရက် နံနက်(၇)နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် တာချီလိတ်ခရိုင်ရှိ Quarantine Center (ဝမ်လုံး) အဆောက်အဦအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်းကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့ နမ့်ခင်ချောင်းတစ်လျှောက် နေရောင်ခြည် စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ရေတင်၍ ချောင်းဘေးတစ်လျှောက်ရှိ မြေများတွင် ရာသီသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယာမြေ၊ လယ်မြေများရှိသည့်အတွက် နွေရာသီတွင် ရေအခက်အခဲများရှိသည့်အတွက် တင်ပြလာမှုကို သမဝါယမကျေးလက် ဒေသဦးစီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ လျှပ်စစ်မီးဝေးသောကြောင့် ဆိုလာစနစ်ဖြင့် ချောင်းထဲမှ ရေကိုစုပ်ယူ၍ ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး ကွင်းဆင်းဆောင်ရွက်ရန် နိုင်ငံတော် အကြီးအကဲက မှာကြားလိုက်ပါကြောင်း ပြောကြားသည်။
ထို့နောက် နမ့်ခင်ချောင်းမှ ရေစုပြီး ဆိုလာစနစ်ဖြင့် ရေတင်၍ ရာသီသီးနှံစိုက်ပျိုးဆောင်ရွက်မည့် အခြေအနေ များအား ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနများမှ ရှင်းလင်း တင်ပြပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ (ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း၍ တက်ရောက်လာသူများ၊ တောင်သူများမှ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းတို့က တောင်သူများထံသို့ မျိုးစေ့များ ပေးအပ်ခဲ့ကြသည်။

၎င်းနောက် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရွှေထီးတော်သစ် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် လုပ်ငန်းကော်မတီ အသီးသီး တို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းတို့က ဝစီပိတ်ဆရာတော်အား အလှူငွေကျပ်သိန်း(၅၀) ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ဝစီပိတ်ဆရာတော်ဘုရားက သြဝါဒချီးမြှင့်၍ ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌမှ ငွေစာရင်းရှင်းတမ်းများ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းတို့က လုပ်ငန်းကော်မတီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် ပေးအပ်ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံ တက္ကသိုလ် အဆောက်အဦ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ကျိုင်းတုံတက္ကသိုလ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ပေးအပ်ရာ ပါမောက္ခချုပ်မှ လက်ခံရယူပြီး ကျိုင်းတုံ ဗုဒ္ဓဥယျာဉ်တော်အတွင်း ရေနုတ်မြောင်းများ၊ ရေကန်တော်များ စက်ယန္တရားကြီးများဖြင့် တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး တာချီလိတ်မြို့နယ် တာလေမြို့ နားယောင်းကျေးရွာအုပ်စု ပါနော့ကျေးရွာရှိ တောင်သူ ဦးကျဟေး၏ မွေးမြူထားသော ဒေသနွား(၄၀၁)ကောင်၊ ကျွဲ(၃၁၃)ကောင်၊ မွေးမြူထားရှိမှုနှင့် ယိုးဒယားပျားလိမ္မော် ဧက(၃၀၀) စိုက်ပျိုးထားရှိမှုတို့ကို လှည့်ကြည့်ရှုကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သော စိုက်ပျိုးရေး၊ မွေးမြူရေး ထူးချွန် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဦးကျဟေးနှင့် ဇနီးတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး