
တောင်ကြီး မတ်-၁၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ မတ်လ(၁၉)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်တွင် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် Uni EnergyCo.,Ltd မှ တာဝန်ယူတည်ဆောက်ခဲ့သည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ(10MW)၏ ပထမအဆင့် (5MW) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့အခမ်းအနားသည် စက်မှုဇုန်အတွက် ဝမ်းမြောက်ဖွယ်ရာနေ့တစ်နေ့ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုစေမည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ (10 MW) ၏ ပထမအဆင့်(5 MW) ကို စတင်ဖွင့်လှစ်သည့်အတွက် ဝမ်းသာမိပါကြောင်း၊ စီမံကိန်း၏အရေးပါမှုနှင့် ရည်ရွယ်ချက် အနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် သာမာန်စက်ရုံတစ်ခု သက်သက်မဟုတ်ဘဲနေရောင်ခြည် စွမ်းအင်ကိုအသုံးပြုရသည့်အတွက် သန့်ရှင်းသောစွမ်းအင်၊ လျှပ်စစ်မီးရရှိရေး၊ စီးပွါးရေးဖွံ့ဖြိုးမှုနှင့်ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံသည် စက်မှုဇုန်အတွင်းရှိ လုပ်ငန်းများအားလုံးကို လျှပ်စစ်မီးဖြန့်ဖြူး ပေးနိုင်မည့် စွမ်းရည်ရှိပြီး စက်မှုဇုန်အတွင်း စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းအသေးစားများ အတွက်လည်း စွမ်းအင်ဖူလုံမှုကို အထောက်အကူပြုပါကြောင်း၊ နေရောင်ခြည်စွမ်းအင်သည် ကုန်ခမ်းခြင်းမရှိသည့် အဆုံးမဲ့စွမ်းအင်အရင်းအမြစ်ဖြစ်ပြီး စက်ရုံသည်လာမည့် နှစ်ပေါင်းများစွာအထိ စွမ်းအင်ဖူလုံမှုကို ပံ့ပိုးပေးသွားမှာဖြစ်ပါကြောင်း၊ အောင်မြင်စွာပြီးမြောက်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသူအားလုံးကို ထပ်မံကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ထို့နောက် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ ဦးဝင်းသော်က စီမံကိန်းဖြစ်ပေါ်လာပုံနှင့် ရရှိလာသည့်အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ်၊ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြင့်ကြည်၊ Uni Enerey Co.,Ltdမှ မန်နေဂျင်းဒါရိုက်တာဦးအောင်ကျော်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တိုင်းရင်းသားစာပေယဥ်ကျေးမှု အကအဖွဲ့ အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး နေရောင်စွမ်းအင်သုံးဆိုလာတပ်ဆင်ထားမှုနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့်အတူ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့် အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မန္တလေးငလျင်လှုတ်ခတ်မှု (၁) နှစ်ပြည့် အခမ်းအနားကျင်းပနိုင်ရန်အတွက် ငလျင်ဒဏ်သင့်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်များကို ညွှန်ကြားထားပါကြောင်း၊ ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ ပြည်သူများကိုအသိပညာပေးရန် လိုအပ်ပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့ပြီးပြန်လည်ထူထောင်ရေးတွင် NGOအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းဆောင်ရွက် ပေးမှုကြောင့် အမြန်ဆုံးပြန်လည် ထူထောင်နိုင်ခဲ့ပါကြောင်း၊ ငလျင်နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဇာတ်တိုက်လေ့ကျင့်ထားရန် လိုအပ်ပါကြောင်း၊ မန္တလေးငလျင်လှုပ်ခတ်မှု (၁)နှစ်ပြည့်အခမ်းအနား ကျင်းပရာတွင် မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျဆောင်ရွက်ပေးကြရန်နှင့် မှတ်တမ်းအဖြစ်ထားရှိရန်အတွက် ကော်မတီများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီအလိုက်တင်ပြဆွေးနွေးကြပြီး တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အထွေထွေ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့