
တောင်ကြီး မတ်-၂၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မတ်(၂၄)ရက်နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ (၈၁) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး RCC(၄)ထပ် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး RCC(၄)ထပ်အဆောက်အဦသစ်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်စီးပွားရေးဝန်ကြီးဦးခွန်သိန်းမောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်နှင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးဒေါ်ဌေးဌေးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရုံးအဆောက်အဦသစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်တို့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအကအဖွဲ့၊ တိုးနယားအကအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပေးကြသည်။
ယင်းနောက် သင်တန်းခန်းမတွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ချုပ်ရုံးများသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး ဆိုသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၏ ဘဏ္ဍာရန်ပုံငွေစီမံခန့်ခွဲမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ဦးတည်လျက် စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်းတွင် ရုံးခန်းဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆောက်လုပ်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးသစ်ကို ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ကျပ်သန်း ၁၀၆၆.၃၇၀၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေကျပ် သန်း၁၀၂၃.၅၃၂ စုစုပေါင်းခွင့်ပြုငွေကျပ်သန်း ၂၀၈၉.၉၀၂ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁၁)သို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ရာ ၂၀၂၆ခုနှစ် မတ်လတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီး၍ အဆောက်အဦအား အပ်နှံခဲ့ပါကြောင်း၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးကို (၄)ထပ်ဆောက်လုပ်ထားပြီး စာရင်းပညာဆိုင်ရာသင်တန်းနှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရန်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပနိုင်ရန်အတွက် ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး အဆောက်အဦကို ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ဝန်ထမ်းများမှ ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအမြဲတမ်းအတွင်းဝန်ဒေါ်ခိုင်ခိုင်အောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးဒေါ်ဌေးဌေးမြင့်က ကျေးဇူတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်တို့ကို ရုံးသစ်ဖွင့်ပွဲအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် အဆောက်အဦအထူးအဖွဲ့(၁၁)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းထွန်းက အဆောက်အဦသစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးမြင့်မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရုံးအဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အမျိုးသမီးနှင့်ကလေးအဆေးရုံကြီး၌ကျင်းပသည့် (၈၁) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အရာရှိစစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် (YMBA) အသင်းအဖွဲ့သားများ (၁၃၆)ဦး စုပေါင်းသွေးလှူဒါန်းနေမှုကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး လှူဒါန်းရရှိသောသွေးအိတ်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်ကျော်ကျော်ဟန်၊ ရှမ်းပြည်နယ်(YMBA)အသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးတို့က ပေးအပ်ရာ အမျိုးသမီးနှင့်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်သိန်းမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည့် ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ကလောမြို့နယ်စာရေးဆရာအသင်းတို့က စီစဥ်ထုတ်ဝေသည့် ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်း စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ၂၀၂၄-၂၀၂၅ခုနှစ်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုအရ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့နှင့် စာရေးဆရာအသင်းဝင်များမှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါပွဲတော်များ အောင်အောင်မြင်မြင်ကျင်းပနိုင်မှုကို မှတ်တမ်းတစ်ရပ်အဖြစ် ဖော်ပြနိုင်ရန် ရှမ်းချယ်ရီ မဂ္ဂဇင်းကို ၂၀၂၄ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၅ ခုနှစ်တွင် ရှမ်းပြည်နယ်အတွက် မှတ်တမ်းတစ်ရပ်အဖြစ် ထင်းရှူးမြို့တော်ကလော မဂ္ဂဇင်းကို ထုတ်ဝေလိုက်ခြင်းကို သိရှိရပါကြောင်း၊ ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ရှမ်းပြည်နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းအားလည်းကောင်း၊ စာပေပညာရှင်များ၊ စာပေဝါသနာရှင်များအား လည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြား သည်။
ယင်းနောက် ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်းထုတ်ဝေခြင်းနှင့်ပတ်သက်၍ မိတ်ဆက်တင်ပြပြီး ကလောမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌဦးကိုကိုကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မဂ္ဂဇင်းထုတ်လုပ်မှုစရိတ် ကျပ်သိန်း(၁၅၀) လှူဒါန်းပေးသည့် အလှူရှင်ဒေါက်တာနန္ဒာလှမြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများက မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီနှင့် စာမူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် လူထုအခြေပြုဗဟိုဌာန (CommunityCentre)တွင် နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်းနှင့် ကွန်ပျူတာသင်တန်း ပို့ချသင်ကြားနေမှု၊ ပြည်သူ့စာကြည့်တိုက်အတွင်း ကလေးများ စာဖတ်ခြင်း နှင့်ကဗျာရွတ်ဆိုလေ့ကျင့်ခြင်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့