
လားရှိုး ဧပြီ-၁၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ Online စနစ်ဖြင့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ ကျွမ်းကျင် (၃) (ရုပ်သံ) ဒေါ်မီမီမိုးက Online စနစ်ဖြင့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးသီရိသွယ်က မိုးကြိုးပစ်ခြင်းသည် မိုးကြိုကာလ ဧပြီလနှင့် မေလ၊ မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် များသောအားဖြင့် ဖြစ်ပေါ်လေ့ရှိကြောင်း၊ မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ် နေပါက မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိနိုင်ကြောင်း၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အတွင်းရှိနေလျှင် ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားစဉ် အိမ်အပြင်တွင်ရှိနေလျှင် ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်ခြင်း ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရန်များ စသည့်အကြောင်းအရာများအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်ထံက သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့