တောင်ကြီး ဇွန်-၂၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၂၂)ရက်နံနက် (၈) နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်းမှုဖြင့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများအား ကြက်ဥများဝေဌာပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် တစ်လလျှင်ပင်စင်စား(၁)ဦးကို စားအုန်းဆီ(၁)ပိဿ(၅၀)ကျပ်သားနှင့် ဆန်(၈)ပြည် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ပင်စင်စားများလာရောက်ဝယ်ယူနေမှုကို ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှုအားပေး၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၃)ရှိဓမ္မာရုံ၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဥ်ဖြင့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းသည် ကျေးလက်နေမိသားစု ဝင်ငွေများဝင်ငွေတိုးပွားလာစေရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ စက်ချုပ်ပညာရပ်များကို သင်တန်းသူများအနေဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာသင်ယူပြီး မိမိကိုယ်တိုင် လုပ်ငန်းထူထောင်နိုင်သည်အထိ လေ့လာသင်ယူသွားကြရန် ပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက စက်ချုပ်နည်းပညာသင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသူ(၂)ဦးမှလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုခဲ့ကြကြောင်းသိရပြီး အဆိုပါစက်ချုပ်သင်တန်းကို သင်တန်းသူ(၁၀)ဦးတက်ရောက်ကြပြီး သင်တန်းကို(၄၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့၊ ဟူပင်ဟိုတယ်၌ကျင်းပသော ဟိုတယ်ခရီးသွားလာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၃)မျိုးဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ကြပြီးသင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်းစိုးက အဖွင့်အမှာစကားပြောပြောကြားသည်။
အဆိုပါဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း(၃)မျိုးတွင် သင်တန်းသား၊ သင်တန်းသူ(၈၂)ဦး တက်ရောက်ကြပြီး သင်တန်းကို ဇွန်လ(၂၂)ရက်မှ ဇူလိုင်လ(၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး