တောင်ကြီး မေ-၂၉
၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ကို မေ(၂၉)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဆန်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဒေါ်ယဥ်မင်းစုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှတ်(၁/၂/၉)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအဖွဲ့၊ တိုးနယားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဒေါ်ခင်သိန်းခန်းမဆောင်၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကမ္ဘာ့အဆင့်မှီပညာရည်´´သီချင်းဖြင့်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပညာသင်နှစ်အစပိုင်းမှာ မိဘများအခက်အခဲမရှိစေရေး သားသမီးများကို ကျောင်းအပ်နှံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့်ကျောင်းသုံးပုံနှိပ် ပြဌာန်းဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ အခြေခံပညာမူလယ်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုလိုပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများသည် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေမြဲရေးအတွက်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင်ထောက်ပံ့ကြေးများကို ပေးအပ်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းအပ်နှံအခမ်းအနားတွင် အခမဲ့ပုံနှိပ်စာအုပ်များနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ သီချင်းသီဆိုသွားသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ချီးမြှင့်ငွေပေးအပ်၍လည်းကောင်း၊ Grade-9 သင်ထောင်ကူပစ္စည်းများတို့ကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းစိုးစိုးထွေးတို့ကပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
၎င်းနောက် အခမဲ့ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ သီချင်းသီဆိုသွားသော အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောင်းဝတ်စုံတို့ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများကပေးအပ်ရာ သက်ဆိုင်ရာပြည်နယ်ပညာရေးဌာန၊ ပညာရေးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများမှ အသီးသီးလက်ခံရယူကြပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ `ဘက်စုံပညာကိုရည်တို့လှမ်းချီ´သီချင်းဖြင့် အခမ်းအနားကိုပိတ်သိမ်းလိုက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပညာရေးပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး