
တောင်ကြီး မေ-၂၁
ရှမ်းပြည်နယ် ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို မေ(၂၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ကျင်းပသည်။
၂၀၂၆-၂၀၂၇ပညာသင်နှစ် “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့´´ မြေစိုက်ပိုစတာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးစိုင်းထွန်းစိန်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်ဝန်လူမှုရေးရာဝန်ကြီးဒေါ်နန်းခမ်းလူ၊ ပြည်နယ်ပညာရေးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်မင်းစု တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြေစိုက်ပိုစတာအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံသာရည်များ ဖြန်းပက်ပေးကြပြီး စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တွင် ကျောင်းစတင်ဖွင့်လှစ်ပါက ကျောင်းသူကျောင်းသားများ စိတ်အေးချမ်းပျော်ရွင်စွာဖြင့် ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိသည့် ကျောင်းစာသင်ဆောင်များ၊ စာသင်ခန်းများနှင့် သန့်စင်ခန်းများအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များကို တာဝန်သူများအား ဖြည်စွက်မှာကြားခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၄) အခြေခံပညာအထက်ကျောင်းသို့ ရောက်ရှိပြီး ကျောင်းစတင်ဖွင့်လှစ်ပါက ကျောင်းသားကျောင်သူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး စာသင်ဆောင်များ၊ သန်စင်ခန်းများ၊အခမဲ့ဗလာစာအုပ်၊ပုံနှိပ်စာအုပ်၊ခဲတံ၊ကျောင်း၀တ်စုံစနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ၂၀၂၆-၂၀၂၇ပညာသင်နှစ် “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြစို့´ ကျောင်းအပ်နှံရေးသီတင်းပတ်သည် ၂၀၂၆ခုနှစ်၊ မေလ(၂၅)ရက် မှ (၃၁)ရက်နေ့ထိ ဖြစ်ကြောင်းသိရပြီး တောင်ကြီးမြို့ပေါ်ရှိကျောင်းများ၌ မေလ(၂၅)ရက်မှ(၂၇)နေ့ရက်များတွင် ကျောင်းသားဟောင်းများ လာရောက်အပ်နှံနိုင်ကြောင်း၊ မေလ(၂၇)ရက်နေ့တွင် KG နှင့် Grade-1 ကျောင်းသားသစ်များ လာရောက်အပ်နှံနိုင်မည်ဖြစ်ကြောင်း၊ မေလ(၂၉)ရက်နေ့မှ စ၍ Grade-2 မှ Grade-12 ထိ ကျောင်းသားသစ်များ အပ်နှံနိုင်မည်ဖြစ်ကြောင်း သိရှိရပြီး ကျောင်းအပ်နှံရာတွင် အိမ်ထောင်စုစာရင်း မူရင်း/မိတ္ထူ၊ မိဘနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကဒ် မူရင်း၊ မိတ္ထူ၊ (KG) ကျောင်းသားသစ်များ အတွက် ကလေးမွေးစာရင်း မူရင်း၊ မိတ္ထူ တစ်ပါတည်းယူဆောင်လာရန် ကြေညာထားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး