
တောင်ကြီး မေ-၂၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ(၂၂)ရက်နံနက်(၉)နာရီက ရက်(၁၀၀)စီမံချက်အတွင်းဆောင်ရွက်နေသည့် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရားတောင်အဆင်းလမ်း (ဘုရားလမ်းဆုံမှ ပညာဗောဓိဘုန်းကြီးကျောင်း လမ်းဆုံအထိ) ACလမ်းအဆင့်မြှင့် ဆောင်ရွက်နေမှုအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူက ACလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ACနိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘုန်းပွင့်ဘုရားတောင်အတက်လမ်းရှိ မြစိမ်းတောင်ဘုရားအနီး လမ်းအကွေ့တက် မတ်စောက်သည့်နေရာအား ပြန်လည်ဖြေညှိဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆ခုနှစ်မိုးရာသီတွင် တည်ထောင်စိုက်ပျိုးသည့် တောင်ကြီးမြို့၊ တောင်ကြီး – ဟိုပုံးသွားကားလမ်း၊ ဟိုပုံးViewPointအနီး စိမ်းလန်းစိုပြည်ရေး စိုက်ခင်း(၅)ဧကစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင်ပြုစုထိန်းသိမ်းသွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း (၆.၆)ဧကစိုက်ခင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ရေဝေရေလဲစိုက်ခင်း(၁၀၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တောင်ကြီးမြို့နယ် နောင်ထလီကျေးရွာအုပ်စု၊ ထီဖောင်းကျေးရွာအနီးရှိ ၂၀၂၆ခုနှစ်မိုးရာသီကာလတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သစ်ပင်စိုက်ပျိုးပွဲတော်ဆောင်ရွက်ရန် လျာထားသည့်မြေနေရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး