မိုင်းဆတ် မေ-၁၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်များနှင့်အတူ မေ(၁၂)ရက်ညနေ(၃)နာရီက မိုင်းတုံ – မိုင်းဆတ်သွား ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၁၅၂/၀ မိုင်တွင်ရေတိုက်စားမှုကြောင့် လမ်းပြိုကျသွားသည့်နေရာနှင့် မြေကာနံရံဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က မြေကာနံရံနှင့်လမ်း တိုးချဲ့ဆောင်ရွက်ရာတွင် လမ်းများစံချိန်စံညွှန်းနှင့်အညီ ရေရှည်တည်တံ့ခိုင်ခန့်ရန်နှင့် မြေကာနံရံများကိုလည်း ခိုင်မာအောင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရေတိုက်စားမှုမဖြစ်စေရန် ရေစီးချောင်းများကိုလည်း တိုးချဲ့ဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းတုံ-မိုင်းဆတ်သွားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၁၅၅/၀မိုင်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မည့် မြေကာနံရံလုပ်ငန်းဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးသူရဇော်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က မြေကာနံရံများ ရေတိုက်စားမှုခိုင်ခံစေရန် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားခဲ့ပြီး မြေကာနံရံဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မေ(၁၃)ရက် နံနက်(၇)နာရီခွဲက မိုင်းဆတ်မြို့ရှိ မယ်ဆွမ်ချောင်း ရေကြီးရေလျှံမှု မဖြစ်ပွားစေရေးအတွက် ရက်(၁၀၀)အတွင်း သဲနှုန်းတူးဖော်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ချောင်းအတွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနှုန်းတူးဖော်ရာတွင် ချောင်းအောက်ပိုင်းမှ စတင်ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မိုင်းဆတ် – တာချီလိတ်လမ်း (၀/၀မိုင်)(၆၀/၆မိုင်) ရက်၁၀၀စီမံကိန်း လမ်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနညွှန် ကြားရေးမှူးဦးသူရဇော်မှ လမ်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြခြင်းနှင့် ဆိုက်ခေါင်တံတား အမှတ်(၁/၂)(၄၂၀)ပေနှင့် စပ်လျဥ်း၍ တံတားတည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၁၂) တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြကြရာပြ ည်နယ်ဝန်ကြီးချုပ်က လမ်းအားစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးရန်၊ တံတားကိုလည်း သတ်မှတ်စံနှုန်းအတိုင်း ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ပေးကြရန်မှာကြားခဲ့ပြီး တံတား၏တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ ဝမ်တုံကျေးရွာအုပ်စု၊ မိုင်းတွမ်ကျေးရွာတွင် တောင်သူများမှ ဧက(၁၀)ဧက ပေါ်ဆန်းမွှေးဆန် စမ်းသပ်စိုက်ပျိုးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကတောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့သို့သွားရောက်ကာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာချီလိတ်မြို့ရေကြီးရေလျှံမှုလျော့ပေါ့ရေး (၂၀၂၅-၂၀၂၆)ဆောင်ရွက်မှုများနှင့် (၂၀၂၆-၂၀၂၇) လျာထားချက်များအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူနှင့် ရုံးချုပ်ညွှန်ကြားရေးမှူးတို့မှ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေတားနံရံဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တာချီလိတ်မြို့-ပုန်းထွန်ရပ်ကွက်ရှိ ကွန်ကရစ်ကာနံရံရှည်(၁၄၂၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်း၍လည်းကောင်း၊ ရက်(၁၀၀)အတွင်း ရေနုတ်မြောင်းများဆည်ယူခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မှုများကို မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်မှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရေကြီးရေလျှံဖြစ်သည့်နေရာများကို ဦးစားပေးဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများအား Bio metric Data(UTD)အချက်အလက်ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး ဆောင်ရွက်ပြီးသွားသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် Unique Identity(UID)များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ကျင်းပသော ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံမှုနှုန်းမြှင့်မားရေးနှင့် တန်းစဥ်ကူးပြောင်းမှုနှုန်းမြှင့်မားရေး ဝိုင်းဝန်းဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်ဝနကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေးနှင့် တန်းစဥ်ကူးပြောင်းမှုနှုန်းမြှင့်မားရေးကို ဆောင်ရွက်ပေးနိူင်ရန် လိုအပ်ပါကြောင်း၊ ဥာဏ်ရည်မြှင့်မားမှုအတွက် ကလေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်၊ သွားလာမှုခက်ခဲပြီး ဝေးလံခေါင်သီသော ဒေသများတွင် ကလေးများကျောင်းနေနိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တာချီလိတ်ခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်ဝင်းကြည်က တာချီလိလိတ်ခရိုင်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှုနှုန်းမြှင့်မားရေးနှင့် တန်းစဥ်ကူးပြောင်းမှုနှုန်း မြှင့်မားရေး၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရန်ရေးအတွက် ဆရာ၊ ဆရာမ၊ မိဘပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် တက်ရောက်လာသည့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကျောင်းအပ်နှံမှုနှုန်းမြှင့်မားရေးနှင့် တန်းစဥ်ကူးပြောင်းမှုနှုန်း မြှင့်မားရေးနှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးသွားကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့