တောင်ကြီး ဧပြီ-၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ငြိမ်းချမ်းရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ ဧပြီ(၁၁)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဥ်သီးဗွေ) ကွင်း၌ အထူးဒေသ (၆)ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) ငြိမ်းချမ်းရေး(၃၅)နှစ်ပြည့် အထိမ်းအမှတ်ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၁၉၉၁ခုနှစ် ဧပြီလ(၁၁)ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးရယူတည်ဆောက်ခဲ့ရာ ယနေ့ဆို (၃၅)နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါကြောင်း၊ ထူးခြားသည်က ငြိမ်းချမ်းရေးရယူ တည်ဆောက်စဥ် ငြိမ်းချမ်းရေးစာချုပ်စာတမ်းဖြင့် လက်မှတ်ထိုးခြင်းမရှိဘဲ အပြန်အလှန် ယုံကြည်မှုဖြစ်သာ ငြိမ်းချမ်းရေးရယူတည်ဆောက်ခဲ့ပြီး ငြိမ်းချမ်းရေးသည် ယနေ့ထိတိုင် တည်တံ့ခိုင်မြဲနေပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆက်ဆက်သော နိုင်ငံတော်အစိုးရတို့နှင့် လက်တွဲပူးပေါင်း အကောင်အည်ဖော် ဆောင်နိုင်ခဲ့ခြင်းသည် မှတ်ကျောက်တင် ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် တည်ငြိမ်းအေးချမ်းရေးသည် နိုင်ငံတော်အဓိကလိုအပ်ချက်ပင်ဖြစ်ပါကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်ပြီးနောက်ပိုင်း အထူးဒေသ(၆) တစ်ခုလုံး၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆက်ဆက်သော နိုင်ငံတော်အစိုးရတို့နှင့်လက်တွဲပြီး အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အောင်မြင်မှုအသီးအပွင့်များသည် ပအိုဝ်းဒေသအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများ၏ လူနေမှုဘဝတို့ကို ကြည့်ခြင်းအားဖြင့် သိသာထင်ရှားစွာ မြင်တွေ့နိုင်ပါကြောင်း၊ လက်ရှိဖြစ်ပွားလျက်ရှိသော ပြည်တွင်းပဋိပက္ခများတွင် ပအိုဝ်းအမျိုးသားများသည် နိုင်ငံတော်အကျိုး၊ ပြည်နယ်အကျိုး၊ ဒေသအကျိုးတို့ကို ဦးစားပေး ရှေးရှုကာ နိုင်ငံတော်နှင့်အတူ မားမားမတ်မတ်ရပ်တည်၍ ရင်ဆိုင်ဖြေရှင်းခဲ့သည်ကို တွေ့မြင်ခဲ့ရသည့်အတွက် ဂုဏ်ယူပါကြောင်းပြောကြားသည်။
ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပွဲဖြစ်မြောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ဖြားခွန်စံလွင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ငြိမ်းချမ်းရေး(၃၅)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့