တောင်ကြီး မေ-၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ မေ(၄)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ကျင်းပသော ၂၀၂၆ခုနှစ် Football For School (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ပြေးခုန်ပစ်၊ ရေကူး) အားကစား သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ယခုလိုသင်တန်းဖွင့်လှစ်ပေးခြင်းသည် နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်တွင် ပါရှိသည့် ရက်(၁၀၀)စီမံချက်နှင့်စပ်လျဥ်းပြီး အခြေခံပညာကဏ္ဍတွင် Smart Schoolနှင့် Football For Shool Program ကို ပညာရေးဝန်ကြီးဌာနနှင့်အားကစားရေးရာဝန်ကြီးဌာနတို့ ပေါင်းစပ်ဆောင်ရွက်ရန်လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရာ လူမှုရေးဦးတည်ချက်တွင် ပါဝင်သော တစ်မျိုးသားလုံးသက်ရှည် ကျန်းမာရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြင့်တင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ယခုလိုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။
၎င်းနောက် ဝှူရှူးအားကစားအဖွဲ့မှ သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း ဘင်ခရာတပ်ဖွဲ့နှင့် သရုပ်ပြသပေးသော ဝှူရှူးအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက ဘောလုံး၊ ဝူရှူး၊ ဘတ်စကတ်ဘော၊ ပြေးခုန်ပစ်၊ ရေကူးအဖွဲ့တို့အား အားကစားသင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသားများ ဘောလုံးကစားနေမှု၊ ပြေးခုန်ပစ်ကစားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
ထို့အတူ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ် ၁၀ ခုတွင် မေလ ၄ ရက်နေ့မှစ၍ Football For School Program အရ အားကစားသင်တန်းများဖွင့်လှစ်လျက်ရှိပြီး သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများက အားကစားသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ တိုင်းရင်းသားမိဘပြည်သူ့များ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ် နှင့် အခြားသောဘေးအန္တရာယ်အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဥ်အလာကြီးမားစွာ ရပ်တည်လာခဲ့သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မေ(၅)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးခရိုင်မီးသတ်စခန်း၊ တောင်ကြီး-ဟိုပုံးမြို့အထွက် (၂)မိုင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ကြသည်။
နှစ်(၈၀)ပြည့်မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက မီးသတ်တပ်ဖွဲ့များအနေဖြင့် ခေတ်စနစ်နှင့်အညီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ကြိုးပမ်းလေ့လာထားကြရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းပညာပိုင်းများနှင့် ဆောင်ရွက်နိုင်ရန် ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့ (Search andRescue Team)များကို ဒေသအလိုက် စုဖွဲ့လေ့ကျင့်ပြီး အသင့်ဆောင်ရွက်ထားရန် မှာကြားလိုကြောင်း၊ မီးသတ်တပ်ဖွဲ့၏ သမိုင်းအစဥ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ပြောကြား သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ရဲကျော်သူတံဆိပ်ရရှိသူ၊ လူမှုထူးချွန်တံရရှိသူ၊ သင်တန်းတွင်ထူးချွန်ဆုရရှိသူများ နှင့် စခန်းသာယာလှပရေး ဆုရရှိသူများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ချီးမြှင့်ပေးအပ်ရာ ဆုရရှိသူများနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ ပြည်နယ်ဦးစီးမှူးတို့ကအသီးသီးလက်ခံရယူကြသည်။
၎င်းနောက် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည် သရုပ်ပြသရာ အထပ်မြင့်အဆောက်အဦ ရှာဖွေကယ်ဆယ်ရေးအတွက် အသက်ကယ်ကြိုးများအသုံးပြု၍ သရုပ်ပြသခြင်း၊ အထပ်မြင့်ပေါ်တွင် ပိတ်မိနေသော လူနာအား Hydraulic Platformဖြင့် ကယ်ဆယ်ခြင်း၊ အထပ်မြင့်မီးလောင်မှုအား LUF Nano ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား အအေးပေးစနစ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဆီသိုလှောင်ကန်မီးလောင်မှုအား မီးငြှိမ်းသတ် သရုပ်ပြသခြင်း၊ Ventilatorနှင့်3D Nozzleအသုံးပြု၍ အအေးပေးခြင်း၊ ဓာတုဗေဒအမြှပ်ဆေးရည်(Foam) အသုံးပြု၍ ဆီမီးလောင်မှုအား မီးငြှီမ်းသတ်သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွယ်ကယ်ဆယ်ရေးပစ္စည်းကိရိယာများကို ကြည့်ရှုကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့