တောင်ကြီး မေ-၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးအဖွဲ့အတွင်းရေးမှူး တာဝန်ရှိသူများနှင့်အတူ မေ(၂)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံ၌ ကျင်းပသော နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်၍ သွေးလှူဒါန်းပေးနေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ အာဟာရပြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံရှိ အမျိုးသမီးသားဖွားမီးယပ်အဆောင်၊ ကလေးအထူးကုသဆောင်နှင့် ဆေးရုံအတွင်းခန်းမဖွဲ့စည်းထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးကုသမှုခံယူနေသော ကိုရင်လေးတစ်ပါးအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (၈၀) ပြည့်မီးသတ်တပ်ဖွဲ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း(၅၉)ဦးက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်း သားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ကျင်းပသည့် ၂၀၂၆-ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) KG, Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်တန်းပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်သော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ အရည်အသွေးမြှင့်(ဆင့်ပွား)ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာတို့ ညှိနှိုင်းပြီး KGနှင့်Grade-1သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်သော သင်တန်းဖြစ်ပါကြောင်း၊၂၀၂၅ – ၂၀၂၆ပညာသင်နှစ်တွင် ဖွင့်လှစ်သည့် သင်တန်း၏ပထမအကြိမ် ဆရာဖြစ်သင်တန်းကို ၂၀၂၆ခုနှစ်ဇန်နဝါရီလ(၂၄)ရက်နေ့မှ ဖေဖော်ဝါရီလ(၂)ရက်နေ့ထိ တက်ရောက်ခဲ့သည့် သင်တန်းသားများနှင့်ဒု တိယအကြိမ် ၂၀၂၆ခုနှစ်မတ်လ(၁၉)ရက်မှ (၂၉)ရက်နေ့အထိ တက်ရောက်ခဲ့သည့် သင်တန်းသားများသည် ယခုဖွင့်လှစ်သည့် သင်တန်းမှာနည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင်ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်အသီးသီးက သင်တန်းသား၊ သင်တန်းသူ(၁၅၀)ဦးတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ နည်းပြ(၆)ဦး၊ အခြေခံပညာဦးစီးဌာနမှ နည်းပြ(၆)ဦးတို့က ဆွေးနွေးပို့ချသွားမည့်ဖြစ်ကြောင်း၊ ဘက်စုံထူးချွန်သည့် နိုင်ငံသားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်နိုင်ရေးအတွက် ယခုသင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူ(၁၅၀)ဦးသည် ၂၀၂၆ခုနှစ် မေလ(၁၄)ရက်နေ့မှ(၂၄)ရက်နေ့အထိ မြို့နယ်အဆင့်တွင် ဆွေးနွေးပို့ချရမည့် နည်းပြဖြစ်သည့်အတွက် ကြိုးစားလေ့လာသင်ကြားကြရန် ပြောကြားသည်။
၎င်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ် ယဉ်မင်းစုက KG, Grade – 1 ဆရာ၊ ဆရာမများအတွက် KG, Grade-1သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့