တောင်ကြီး ဧပြီ-၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီ(၁) ရက် နံနက် (၉)နာရီက တောင်ကြီးမြို့နယ် ၊အေးသာယာမြို့ရှိ ရှမ်းပြည်နယ်ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် သောတုဇနကျောင်းဆောင်ကြီးကို အသစ်ပြန်လည်တည်ဆောက်ရန် အလှူငွေများ သွားရောက်ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး အေးသာယာမြို့၊ ရှမ်းပြည်နယ်ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဓနိတအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ရှမ်းပြည်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးတို့က ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ပြည်နယ်ဝန်ကြီးများက ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှတာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှိ သောတုဇနကျောင်းဆောင်ကြီး ပြန်လည်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာ မြို့၊အမှတ်(၉)ရပ်ကွက်၊ အေးငြိမ်းသီတာလမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်နိုင်ရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းအား သတ်မှတ်ထားသည့် စံချိန်းစံညွှန်းနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် ရေရှည်တည်တံ့အောင် စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ကတ္တရာများထောက်ပံ့ဆောင်ရွက် ပေးသကဲ့သို့ ရပ်ကွက်နေပြည် သူများကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ လမ်းပခုံးနှင့်ရေနုတ်မြောင်းများကိုလည်း ကောင်းမွန်အောင် စနစ်တကျဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ဖြည့်စွက်မှာကြားခဲ့ပြီး လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့