
မောက်မယ် ဧပြီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅မျိုး ဆောင်းပဲပုပ်သီးနှံများကို ပိုမို၍စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
မောက်မယ်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုး ပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ ဒေသခံရှမ်းတိုင်းသားများ၏အဓိကစားသုံးသည့်ပဲပုပ်သီးနှံ အထွက်တိုးစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးသည့် ရေဆင်း−၁၅မျိုး ကို မိုးစပါးအပြီးသီးထပ်စိုက်ပျိုးသည့် စံပြလယ်စိုက်ခင်းများကို ဒေသခံတောင်သူများက ပိုမိုစိုက်ပျိုး ခဲ့ကြပြီး မတ်လကုန်ပြီး စတင်ရိတ်သိမ်းနိုင်ကြောင်းသိရသည်။
ဆောင်းသီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များမှန် ကန်စေရန်၊ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးတတ်စေရန်နှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်း ဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ မောက်မယ်မြို့နယ်က စိုက်ပျိုးရေးအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူ တွေဟာ(နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေက ယခုနှစ်ဆောင်းရာသီမှာ နှင်းကျလို့နှင်းရေနဲ့ပဲလုံလောက်လို့ ဆောင်းသီးနှံများအောင်မြင်ဖြစ်ထွန်းပါတယ်။ တောင်သူတွေကိုသတ်မှတ်လျာထားဧကပြည့်မှီအောင် စိုက်ပျိုးနိုင်ဖို့နဲ့ လိုအပ်တဲ့စိုက်ပျိုးရေးနည်းပညာများကိုလည်း ကျွန်တော်တို့မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရှိ နယ်မြေအလိုက်တာဝန်ခံကွင်းဝန်ထမ်းတွေက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်” ဟု မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစွမ်းရည်ထူးက ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့