
တောင်ကြီး ဇွန်-၃
ရှမ်းပြည်နယ်အစိုးအဖွဲ့မှကြီးမှူး၍ မိုးစပါး၊ ပဲပုပ်၊ နေကြာမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲနှင့် မျိုးစေ့ထုတ်နည်းပညာပေးဆွေးနွေးပွဲကို ဇွန်(၃)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံလွန်းကျေးရွာ၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်သည် စပါး၊ အစေ့ထုတ်ပြောင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုံညင်း၊ ပန်းနှမ်း၊ ပဲမျိုးစုံဖြစ်သည့် ပဲပုပ်၊ ပဲတီစိမ်း၊ ပဲစဥ်းငုံသီးနှံများအပြင် ကော်ဖီ၊ လက်ဖက်၊ ထောပတ်၊ မက္ကဒေးမီးယားစသည့်သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးရေးကိုလည်း အလေးထားဆောင်ရွက်နေပါကြောင်း၊ ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးလျက်ရှိသည့် ပဲပုပ်သီးနှံကိုလည်း ဆီထွက်သီးနှံတစ်မျိုးအနေဖြင့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ လုံလောက်စွာသုံးစွဲနိုင်စေရန်၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသောမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးလာစေရန်၊ တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်နည်းပညာများအသုံးပြု၍ တစ်နိုင်တစ်ပိုင် မျိုးစေ့ထုတ်လုပ်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်ကို သိရှိရပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူများက တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသည့် တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဒေသလိုအပ်ချက်များကို ရှင်းလင်းတင်ပြသွားကြောင်း သိရသည်။
၎င်းနောက် တောင်သူများမှ ဒေသလိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူဦးရဲမော်စိုက်ခင်း၌ ပျိုးဗန်းစနစ်ဖြင့် ပျိုးထောင်ထားရှိမှု၊ စက်မှုလယ်ယာဦးစီးဌာနမှ ပြသထားသောကောက်စိုက်စက်၊ မျိုးစေ့ချစက်တို့ကို ကြည့်ရှုခဲ့ကြပြီး သံလွန်းကျေးရွာဒေသခံပြည်သူများမှ ထိန်းသိမ်းထားသော ကင်တုန့်ရေကန်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး