
ဟိုပုံး မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေးသုံးအရောင်းဆိုင်များ၌ အရည်အသွေးနိမ့် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချနေမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သည့်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးသုံး အရောင်းဆိုင်များတွင် ရောင်းချနေသော လယ်ယာမြေသုံး သွင်းအားစု၊ အရည်အသွေးနိမ့် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ပြန်လည်ထုပ်ပိုးပြီး အတုများပြုလုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ ဈေးကွက်အတွင်းရောင်းချနေသော ဓာတ်မြေဩဇာများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိ/မရှိကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်အတွင်း သက်ဆိုင်ရာဌာနများက တားမြစ်ပိတ်ပင်ထားသော မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသာ တင်သွင်း ရောင်းချရန်၊ တောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ သုံးစွဲပုံအညွှန်းအား မြန်မာစာဖြင့် တိတိကျကျဖော်ပြထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသာ ရောင်းချကြရန် လုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။ ဟိုပုံးမြို့နယ်အတွင်း စိုက်ပျိုးရေးသွင်းအားစုများဖြစ်သော မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ တရားဝင် မှတ်ပုံတင်ထားရောင်းချသည့် ဆိုင်ပေါင်း(၂၈)ဆိုင်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့