ဟိုပုံး ဧပြီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်းမှစတင်ကာ ကဆုန်လပြည့်နေ့အထိ ပအိုဝတိုင်းရင်းသား ရိုးရာ စုပေါင်းရှင်ပြု၊ နားသမင်္ဂလာပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အဆိုပါ စုပေါင်းရှင်ပြုပွဲများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဗုဒ္ဓ ဘာသာဝင် တိုင်းရင်းသားလူမျိုးအသီးသီးတို့က ရိုးရာဓလေ့ထုံးစံအတိုင်း ဆင်ယင်ကျင်းပ လေ့ရှိပြီး အလှူပြုလုပ်မည့် မောင်ရှင်လောင်း၏ မိဘများက တစ်ဦးချင်းသော်လည်းကောင်း၊ မောင်နှမဆွေမျိုးများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ မိမိတို့ ရပ်ကွက်/ ကျေးရွာ အတွင်း နေထိုင်ကြသည့် အိမ်နီးချင်းများနှင့် သော်လည်းကောင်း စုပေါင်း၍ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာမဏ္ဍပ်များ စုပေါင်းပြုလုပ်ကာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကန်း၊ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ရှင်ပြုပွဲကုန်ကျစရိတ်များကို အချိုးကျစု‌ပေါင်းထည့်ဝင်ကြခြင်း နည်းလမ်းဖြင့် လည်းကောင်း၊ ငွေကြေးတတ်နိုင်သူတချို့က တစ်ဦးတည်းမတည်အကုန် အကျခံ၍ ငွေကြေးအနည်းအကျဉ်းသာတတ်နိုင်သူတို့အား လက်တွဲခေါ်ယူခြင်းဖြင့် လည်းကောင်း ရိုးရာရှင်လောင်းပွဲ၊ နားသမင်္ဂလာပွဲတို့ကို ကျင်းပလေ့ရှိသည်။
ရှင်ပြု၊ နားသမင်္ဂလာအလှူပွဲများအား ရှင်လောင်းခေါ်ခြင်း၊ အိမ်တွင်မဏ္ဍပ်ထိုးကာ ဖိတ်ကြားထားသည့် ရပ်နီးရပ်ဝေးမှ ဆွေမျိုးများ၊ ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးခြင်း၊ တရားတော်နာယူရေစက်ချအမျှဝေခြင်း စသည်ဖြင့် (၃)ရက် တိုင်တိုင်ကျင်းပပြုလုပ်ပီး ရှင်ပြုပွဲ ကျင်းပဆောင်ရွက်သည့်ကာလတစ်လျှောက် ချက်ပြုတ်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ မောင်ရှင်လောင်းထိန်းမည့် ရှင်လောင်းတပည့်အား သီးသန့်ဖိတ်ကြားကာ ပွဲရက်ဝင်သည် မှစ၍ တရားတော်နာယူသည်အထိ တာဝန်ယူပြီး အလှူလှည့်ရာ၌ ကွမ်းတောင်းကိုင်၊ ပန်းတောင်းကိုင်၊ လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ ကိုင်တွယ်ပြီး မြို့တွင်း/ရွာတွင်းတစ်လျှောက် လှည့်လည် ကြသည့် ကွမ်းတောင်၊ ပန်းတောင်ကိုင်ကြမည့်သူများ၊ အိုးစည်ဗုံ‌မောင်းတီး သူများနှင့် ပအိုဝ်းတိုင်းရင်းသာရိုးရာအက ကပြကြသည့်သူများအား မြို့လုံးကျွတ်/ရွာလုံး ကျွတ် ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက် ကြည့်ရှုအားပေးကာ စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။
ထို့အပြင် ပွဲတော်တစ်လျှောက် မေတ္တာဖြင့် ပူးပေါင်းကူညီပေးကြသော ရပ်ကွက်/ ကျေးရွာအတွင်းရှိ လူပျို၊ အပျိုများ၊ ရှင်လောင်းထိန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို အားတက်သရော ပါဝင်ကူညီခဲ့ကြသူများက တရားတော်နာယူရေစက်သွန်းချအမျှဝေပြီးသည့် နေ့ရက်တွင် အိုးစည်ဗုံ မောင်းများတီးခတ်၍ ပျော်ရွှင်စွာကခုန်ပြီး အောင်ပွဲ(ခေါ်) မီးဆူခံပွဲ အားဆက်လက်ကျင်းပကာ အလှူရှင်များဖြစ်ကြသည့် အလှူဒါကာ၊ အလှူဒါယိကာမများ ထံမှ ဆုတော်ငွေများ ချီးမြှင့်ပေးရန် ပျော်ရွင်စွာတောင်းခံသည့် ဓလေ့ကိုဆက်လက်ဆင် နွှဲလျက်ရှိကြောင်း သိရပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့