
တောင်ကြီး မတ်-၂၀
တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးကိုမတ်(၂၀)ရက်နံနက်(၁၀)နာရီကတောင်ကြီးမြို့၊ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ရှမ်းပြည်နယ်မှရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ကြသည်။ ဦးစွာအစည်းအဝေးသို့တက်ရောက်လာကြသည့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြောက်ခြင်းပြီးသည်အထိအစည်းအဝေးကိုကြီးကြပ်ကွပ်ကဲနိုင်ရန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအားသဘာပတိလောင်းအဖြစ်တင်မြှောက်ရန်အမည်စာရင်းတင်သွင်းသူတစ်ဦးသာရှိသည့်အတွက်လျှိုဝှက်ဆန္ဒမဲပေးရွေးချယ်ရာနမ့်စန်မြို့နယ်မဲဆန္ဒနယ်ကိုယ်စားလှယ်အမှတ်(၁)ဦးလင်းအောင်ဆွေကိုသဘာပတိအဖြစ်ရွေးချယ် တင်မြှောက်ကြသည်။ ထို့နောက်သဘာပတိဦးလင်းအောင်ဆွေကပြည်နယ်လွှတ်တော်၏ရှေ့မှောက်၌ သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင်လက်မှတ်ရေးထိုးကာနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက်သဘာပတိကတတိယအကြိမ်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးသို့တက် ရောက်ခွင့်ရှိသည့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၃၂)ဦးရှိသည့်အနက်ကိုယ်စားလှယ်အားလုံးတက်ရောက်ကြသည့်အတွက်ရာနှုန်းပြည့်ဖြင့်တတိယအကြိမ်ပြည်နယ်လွှတ်တော်ပထမပုံမှန်အ စည်းအဝေးအထမြောက်ကြောင်းနှင့်အစည်းအဝေးကိုစတင်ကျင်းပကြောင်းကြေညာသည်။ ဆက်လက်၍ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကသဘာပတိရှေ့မှောက်၌ကတိသစ္စာပြုကြပြီးကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးကြသည်။
၎င်းနောက်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ရာဦးစိုင်းလုံကျော်၊ဖယ်ခုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းသည့် အတွက်၂၀၁၃ခုနှစ်၊ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၁၇)အရဦးစိုင်းလုံကျော်အားပြည် နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တင်မြှောက်ကြောင်းသဘာပတိကကြေညာသည်။
ယင်းနောက်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြှောက်ရာမိုင်းပျဥ်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးစိုင်းထွန်းစိန်နှင့်မိုင်းပန်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးစဝ်သာဦး၊နှစ်ဦးအမည်စာရင်းတင်သွင်းရာရှမ်းပြည်နယ်လွှတ်တော်နည်းဥပဒေ(၁၈)အရဆန္ဒမဲလက်မှတ်အသုံးပြု၍ ကိုယ်စားလှယ်များမှ လျှို့ဝှက် ဆန္ဒမဲဖြင့်မဲခွဲဆုံးဖြတ်ရာဦးစိုင်းထွန်းစိန်က ဆန္ဒမဲလက်မှတ်(၁၀၂)မဲရရှိသည့်အတွက် ၂၀၁၃ခုနှစ်၊ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၂၆)နှင့်နည်းဥပဒေ(၂၇)တို့အရဦးစိုင်းထွန်းစိန်အားပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်တင်မြှောက်ကြောင်းသဘာပတိက ကြေညာ သည်။
ဆက်လက်၍ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည့်ဦးစိုင်းလုံကျော်နှင့်ဦးစိုင်းထွန်းစိန်တို့ကသဘာပတိ၏ရှေ့မှောက်၌ကတိသစ္စာပြုပြီးကတိသစ္စာပြုလွှာပေါ်တွင်လက်မှတ်ရေးထိုးကြသည်။ ထို့နောက်သဘာပတိက၂၀၁၃ခုနှစ်၊ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၂၉)အရ ပြည်နယ်လွှတ်တော်ဥက္ကဌဦးစိုင်းလုံကျော်ကို တာဝန်လွှဲအပ်သည်။
ယင်းနောက်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကနှုတ်ခွန်းဆက်စကားပြောကြားပြီးတတတိယအကြိမ်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကိုရပ်နားလိုက်ပြီးအစည်းအဝေးဒုတိယနေ့ကျင်းပမည့်နေ့ရက်နှင့်အချိန်ကိုအသိပေးကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့