တောင်ကြီး သြဂုတ်-၁၇
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေးနှင့်လူတိုင်းရောဂါဘယကင်းရှင်းရေးအတွက်စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ၂၀၂၅ခုနှစ်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့်ကျောင်း ကျန်းမာ ရေးသီတင်းပတ် ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်(၁၇)ရက် နံနက်(၉)နာရီကတောင်ကြီးမြို့၊မြို့တော်ခန်းမ၌ကျင်းပသည်။
ဦးစွာ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက “ဘဝတွက်တာ ကျောင်းကျန်းမာ”သီချင်းဖြင့် သရုပ်ဖော်တင်ဆက်ကြသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားရာ ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျောင်းနေအရွယ် ကလေးများ ဥာဏ်ရည်ဖွံ့ဖြိုးပြီး ပညာထူးချွန်ရန်၊ နိုင်ငံ့ဝန်ထမ်းများ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝစွာ နိုင်ငံ့ဝာာဝန်ထမ်းဆောင်နိုင်ရန်အတွက် မျှတလုံလောက်သော အစားအစာကို အပြည့်အဝစားသုံးရန်များစွာလိုအပ်လှပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း များကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်၊ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန်၊ အာဟာရပညာကို လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာသန်စွမ်း၍ ဥာဏ်ရည်ထက် မြက်သော နိုင်ငံ့ သားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန်ရည်ရွယ်ပြီး သြဂုတ်လတစ်လလုံးကို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ကာ နှစ်စဥ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံးက ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးမှုများ ပိုမို အားကောင်းလာစေရန်၊ သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းပတ်ဝန်းကျင်ပေါ်ထွန်း လာစေရေးနှင့်ရေရှည်တည်တံ့စေရေးအတွက် အထောက်အကူများ ရရှိစေရန်ရည်ရွယ်ချက်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကိုကျင်းပ လျက်ရှိပါကြောင်း၊ အခြေခံကျပြီး အရေးပါ သည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုခိုင်မာ အောင် အရှိန်အဟုန်မြှင့်တင်ရန် အစိုးရဌာနများသာမက ပြည်သူလူထုအပါအဝင်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍသည် အလွန်အရေးပါသည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြော ကြားသည်။
ဆက်လက်၍ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းနိုင် က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လုပ်ငန်းများကို ရှင်းလင်း တင်ပြပြီး၂၀၂၅ ခုနှစ်၊အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ် ဗွီဒီယိုအဖြစ် “ကိုယ်ဝန်ဆောင် ကာလ အာဟာရပြည့်ပြည့်ဝဝစားကြစို့” ဗွီဒီယိုကလစ်ကို ပြသသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကျောင်းကျန်းမာရေးသီတင်းပတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားဆုများ ချီးမြှင့်ပေးအပ်ပြီး အာဟာရချက်ပြုတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ကျောင်းများအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးကလည်းကောင်း၊ မိခင်နို့တိုက် ကျွေးမှုစံပြမိခင်ပြိုင်ပွဲတွင်ဆုရရှိသည့် စံပြမိခင်များအား ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြကြောင်းသိရသည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက Exercise is Medicine သီချင်းဖြင့် သရုပ်ဖော်တင်ဆက်ကြပြီး တေးသရုပ်ဖော်တင်ဆက်ပေးသည့် ပညာရေးဒီဂရီ ကောလိပ်မှကျောင်းသား၊ကျောင်းသူများနှင့်အ.ထ.က(၁)ကျောင်းမှကျောင်းသူများအားပြည်နယ်လူမှုရေးဝန်ကြီးကဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသက်(၅)နှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် အားတိုးဆေးပြားများပေးအပ်ခြင်း၊ ပျိုဖော်ဝင်ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်းနှင့် သံဓာတ်ဆေးပြားများပေးဝေခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ် ခြင်းတို့ကိုဆောင်ရွက်ပေး ကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် ပြခန်းများအားလှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး