Select Page

တောင်ကြီး စက်တင်ဘာ-၁၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည် နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၁၁)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည် နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)မှ ရက်ကန်းသင်တန်းသား၊သင်တန်းသူများမှ အထည်ရက်လုပ်နေမှုနှင့် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အား ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက ဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှင်းလင်းတင်ပြမှုများအပေါ် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကား လာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ ရန်အတွက် ဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို အရာထမ်း၊အမှုထမ်းများအားလုံးက ကြိုးစားအကောင် အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရှိ ဓါတ်ခွဲခန်းအားလည်းကောင်း၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းသား၊သင်တန်းသူများ အထည် ရက်လုပ်နေမှုအားလည်းကောင်း၊ အရောင်းပြခန်းအားလည်းကောင်း၊ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်နေမှုအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သင်တန်းအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ရာ သင်တန်းမှ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့