တောင်ကြီး သြဂုတ်-၁၂
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များမှာ လူငယ်များ၏အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို သြဂုတ်(၁၂) ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတက်ရောက်လာကြသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့် အခမ်းအနားတက်ရောက်လာသူများ ကနိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက်အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူငယ်များသည် လူ့ဘောင်အဖွဲ့အစည်းအတွက် အားကိုးအားထားပြုရသည့် တန်ဖိုးမဖြတ်နိုင်သော လူ့စွမ်းအားအရင်း အမြစ်များဖြစ်ပြီး အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် အနာဂတ်ခေါင်းဆောင်များ ဖြစ်ကြပါကြောင်း၊ ခေတ်စနစ်များ မည်ကဲ့သို့ပြောင်းလဲစေကာမူ လူငယ်မျိုးဆက်သစ်များသည် အတွေးအခေါ်၊ အတွေ့ အကြုံ၊ အရည်အသွေး အစွမ်းအစများနှင့် ပြည့်စုံကာထူးချွန် ထက်မြက်နေသူများဖြစ်လာမည် ဖြစ်ပါကြောင်း၊ လူငယ်များသည် အသိပညာ၊ အတတ်ပညာနှင့် အတွေးအခေါ်ထက်မြက် မြင့်မားသည့် လူသားအရင်းအမြစ်များဖြစ်ပြီး စဥ်ဆက်မပြတ် ဖွံ့ဖြိုတိုးတက်မှုကို ဆောင်ကြဥ်းနိုင်သူများဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်၏ အကောင်းအဆိုးသည် ယနေ့ လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့အပေါ်မှီတည်ပါကြောင်း၊ တိုင်းပြည်၏ အခန်းကဏ္ဍအားလုံးကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ပေးပို့သည့်သဝဏ်လွှာအား ရှမ်းပြည်နယ်အစိုးအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ဖတ်ကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာတွင် ကဏ္ဍအလိုက် ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုပေးအပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့်နယ်မြေ (၃) ကျောင်းအား ဆုဖလားနှင့် ငွေသားဆုကို လည်းကောင်း၊ တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် နည်းပညာတက္ကသိုလ် (တောင်ကြီး)မှ မစန်းသော်တာခင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် နယ်မြေ(၂) ကျောင်းအား ဆုဖလားနှင့် ငွေသားဆု၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ မယွန်းမေမေအိမ့်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုတို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက လည်းကောင်း၊ တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တောင်ကြီးတက္ကသိုလ်မှ မအင်ကြင်းမေအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆု၊ အခြေခံကျောင်းပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရသည့် နယ်မြေ(၉) ကျောင်းအား ငွေသားဆုတို့ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က လည်းကောင်း၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသောကျောင်းနှင့် အမျိုးသား၊ အမျိုးသမီး ပူးတွဲတတိယဆုရရှိသည့် ကျောင်းများ၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသူများ၊ တက္ကသ်ိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် တတိယဆုရရှိသူများ၊ အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တတိယဆုရရှိသူများ၊ တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံး နှစ်သိမ့်ဆုရရှိသူများ၊ ထူးချွန်လူငယ်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆု အသီးသီးချီးမြှင့်ပေးကြသည်။
ယင်းနောက် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း Video Clip ပြသပြီး တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက လူငယ့်စွမ်းရည် တေးသီချင်းဖြင့် လည်းကောင်း၊ ထာဝရပြည်ထောင်စု တေးသီချင်းဖြင့် လည်းကောင်းသီဆိုကပြ ဖျော်ဖြေကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အသိပညာပေးဟောပြောမည့် စာရေး ဆရာမ နှစ်ဦးအား အမှတ်တရလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် သက်ဆိုင်ရာဌာနများမှ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် မှုမှတ်တမ်းဓါတ်ပုံများနှင့် အသိပညာပေးနံရံကပ် ပြဘုတ်များအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်မေမေနီနှင့် စာရေးဆရာမ ငွေခြည်လင်းလက်တို့က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အသိပညာပေး ဟောပြောကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဥာဏ်စမ်းပဟေဋ္ဌိ ပြိုင်ပွဲကျင်းပရာ အခမ်းအနား တက်ရောက်လာသည့် ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်သူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး