တောင်ကြီး သြဂုတ်-၁၁
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲနှင့်ဖူ ဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင်အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ခြင်းကို သြဂုတ်(၁၁) ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်မြန်မာ့သိုင်းလက်ရွေးစင်အသင်းနှင့် ဖူဆယ်လက်ရွေးစင်အသင်းတို့မှ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦအောင်အောင်က နိုင်ငံတော်က ချမှတ်ထားသော တာဝန်ကြီး(၄)ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဥ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အနေဖြင့် တစ်ထောင့်တစ်နေရာမှ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားသမားများကလည်း တစ်ဦးချင်းစီ၏ စိတ်ထဲတွင် အောင်နိုင်ရမည်ဆိုသည့်စိတ်ကို မွေးမြူပြီး ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်၍ အောင်မြင်မှုရရှိအောင် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်က အားကိုးအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားကြရန်မှာကြားလိုကြောင်း၊ ဖူဆယ်ပြိုင်ပွဲသည် မိမိတို့ ရှမ်းပြည်နယ်ကအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး မိမိတို့ အိမ်ကွင်းဖြစ်၍ ပို၍ကြိုးစားပေးကြရန်၊ လေ့ကျင့်သားပြည့်ဝပြီးဖြစ်၍ အောင်မြင်မှုရရှိအောင်ကြိုးစားကြရန် မှာကြားလိုကြောင်း၊ ပြိုင်ဘက်အသင်းများကို လျော့တွက်လို့မရပါကြောင်း၊ ပြိုင်ရင်နိုင်ရမည် စိတ်ဓာတ်ဖြင့်ကြိုးစားယှဉ်ပြိုင်ရန်နှင့် ကျန်းမာရေးကိုလည်း ဂရုစိုက်ရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းနှစ်သင်း အောင်မြင်မှုရရှိပြီး ရှမ်းပြည်နယ် ဂုဏ်ကိုဆောင်နိုင်အောင်အထူး ကြိုးစားပေးကြရန် အားပေးစကားပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်မြန်မာ့သိုင်းလက် ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲကုန်ကျစရိတ် ချီးမြှင့်ငွေကိုလည်းကောင်း၊ ရှမ်းပြည်နယ် ဖူဆယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲကုန်ကျစရိတ် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ရာ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက လက်ခံရယူပြီး ရှမ်းပြည်နယ်ဖူဆယ်အသင်းနှင့် မြန်မာ့သိုင်းအသင်းကိုယ်စား တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး