တောင်ကြီး သြဂုတ်-၁၀
၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို သြဂုတ်လ (၉)ရက် ညနေ(၃)နာရီ က တောင်ကြီးမြို့၊ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။
ဗိုလ်လုပွဲတွင် တောင်ကြီးတက္ကသိုလ်အသင်းနှင့် နည်းပညာတက္ကသိုလ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး အဆိုပါ ဗိုလ်လုပွဲတွင် တောင်ကြီးတက္ကသိုလ်အသင်းက သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်းသိရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများဖြစ်သည့် နောက်တန်းအကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဆုရှိသည့် အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်ဥပဒေချုပ်တို့က လည်းကောင်း၊ နှစ်သိမ့်ဆု(၁)ရရှိသည့် ပညာရေးဒီဂရီကောလိပ်အသင်းနှင့် နှစ်သိမ့်ဆု(၂)ရရှိသည့် ကွန်ပျူတာတက္ကသိုလ်အသင်းတို့အား ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ တတိယဆုရရှိသည့် ဆေးတက္ကသိုလ်(တောင်ကြီး)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်သံယဇာတရေးရာဝန်ကြီးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် နည်းပညာတက္ကသိုလ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း ဆုများချီးမြှင့်ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပထမဆုရရှိသည့် တောင်ကြီးတက္ကသိုလ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားဖူဆယ်ပြိုင်ပွဲဝင် ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ် ဖူဆယ်လက်ရွေးစင်အသင်း လေ့ကျင့်နေမှုကို ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ကြမည့်အသင်းများ တည်းခိုနေထိုင်ရန် စီစဉ်ထားရှိသည့်အဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ပြီး နှစ်လုံးပေါက်စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် ရှမ်းပြည်နယ်မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများကို အားပေးစကားပြောကြား၍ ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး