
ကျိုင်းတုံ သြဂုတ်-၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများသည် သြဂုတ် (၉)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ နောင်လုံ၊ လွယ်မွေအုပ်စု၊ မြို့ရှောင်လမ်း ဘေးရှိ နောင်လုံကုမ္ပဏီပိုင်ရှင် ဦးအားဂျိုး၏ နွားနောက် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုကြကြောင်းသိရသည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက နောင်လုံကုမ္ပဏီ၏ နွားနောက်မွေးမြူရေးလုပ်ငန်း ဆိုင်ရာအချက်အလက်များနှင့် ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စု၌ ဥယျာဥ်မြေအား အဆောက်အဦမြေအဖြစ် အခြားနည်း အသုံးပြုခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဥယျာဥ်ခြံမြေနှင့်စပ်လျဥ်း၍ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နွားနောက်အားတိုးဆေးပေးအပ်ရာ ဦးအားဂျိုးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွားနောက်မွေးမြူရေးခြံနှင့် ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါ နောင်လုံကုမ္ပဏီ၏ နွားနောက်မွေးမြူ ရေးလုပ်ငန်းတွင် လက်ရှိမွေးမြူထားသည့် ကောင်ရေ(၃၉၆)ကောင်ခန့်အတွက် တိရစ္ဆာအစာပင်များကို(၁၀)ဧက စိုက်ပျိုးပေးထားပြီး လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူကြောင်းသိရသည်။ ထုတ်လုပ်မှုနှင့်စျေးကွက်တွင် ဒေသအတွင်း အိမ်သစ်တက်ပွဲ၊ အလှူပွဲမင်္ဂလာပွဲများအတွက် ရောင်းချပေးခြင်းနှင့် ဒေသတွင်းမျိုးအဖြစ် ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ပင်သာယာရေးဌာနမှဆောင်ရွက်လျက်ရှိသည့် ကျိုင်းတုံတက္ကသိုလ်ရှေ့ ရေစီးရေလာကောင်းမွန် ရေးအတွက် ရေမြောင်းနှင့် ပလက်ဖောင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းအပိုင်း(၁) တွင်ပေ ၈၂၀ ဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းအအပိုင်း(၂) တွင် ၄၃၅ ပေ ဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းအပိုင်း(၃) တွင် ပေ ၃၀၀ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများက မြေပြင် ကွင်းဆင်းကြည့်ရှု စစ်ဆေး ဆောင်ရွက်ပေးရန်နှင့် ရေမြောင်းများ ရေရှည်ခိုင်ခန့်အောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရေမြောင်းဆောင်ရွက်မည်ဆိုပါက သေချာအောင် အမှတ်သားပြုလုပ်ပြီးမှသာ ဆောင်ရွက်သင့်ပါကြောင်း၊ ရေမြောင်းဖုံး ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် ကျိုင်းတုံတက္ကသိုလ် ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးပေးစေလိုကြောင်းဖြည့်စွက်မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံအားကစားကွင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားကွင်းသည် စနစ်တကျရှိရန်လိုအပ်ပါကြောင်း၊ အားကစားကွင်းကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လိုအပ်သည်များရှိပါက တင်ပြပေးရန်နှင့် သက်ဆိုင်ရာဌာနများကလည်း ပေါင်းစပ်ဆောင်ရွက်ကြရန်မှာကြား ခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ အထင်ကရ နောင်တုံကန်အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျိုင်းတုံဟော်နန်းရှေ့ရှိ ကွန်ကရစ် ရေမြောင်းဖုံးအချို့ ပျက်စီးနေမှုကို အမြန်ပြန်လည် ပြုပြင်ဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး