မောက်မယ် သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်း စိုပြေရေးနှင့်သစ်တောသစ်ပင်များ၏တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုမျှတစေရန်ရည်ရွယ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့ပူးပေါင်း၍ သြဂုတ်လ(၁၃)ရက် နံနက်၈နာရီက မောက်မယ်−ရွာသစ်သွားလမ်း(မြို့ရှောင်လမ်း)ဘေး ဝဲ/ယာ ၌ ဒုတိယအကြိမ် ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။
စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်နှင့် ကော်မတီ ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများတို့က သတ်မှတ်နေရာအသီးသီးတွင် တက်ရောက် ၍တပျော်တပါးစိုက်ပျိုးကြသည်။ အဆိုပါ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၅၀)ပင်၊ စိန်ပန်းပြာ(၅၀)ပင်၊ အာကေးရှား(၁၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင် စုစုပေါင်း(၄၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ ကြကြောင်းသိရသည်။
ဆက်လက်၍ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မောက်မယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကြီးမှူး၍ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီများမှ မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်အား မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းက လုပ်ငန်းများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကုမ္ပဏီများမှ မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်အား မိတ်ဆက်ရှင်းလင်းသွားခဲ့ကြောင်းသိရသည်။
ထို့နောက် မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို နေ့လယ်၂နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်များနေ့ အထိမ်းအမှတ် စတင်ဖြစ်ပေါ်လာပုံ၊ လှုပ်ရှားမှုပုံရိပ်များနှင့် လူငယ်များနေ့အဖြစ် သတ်မှတ်ရခြင်းအကြာင်း များကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် အ.ထ.က(မောက်မယ်)၊ အ.လ.က(ခွဲ)(စျေးတန်း)နှင့် အ.လ.က (နမ့်လွတ်)ကျောင်းတို့မှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ(၁၃)ဦးတို့က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်စာစီစာကုံး ပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး