
မောက်မယ် သြဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လက်နက်ကိုင်ပဋိပက္ခ အန္တရာယ်မှ တိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေသားများပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ်လ(၁၂)ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လက်နက်ကိုင်ပဋိပက္ခအန္တရာယ်မှတိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ(၅၈)ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံ ငွေမှ ၂၀၂၅ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လအတွက် တစ်ဦးလျှင်(၆၀၀၀၀)ကျပ်နှုန်းစီ စုစုပေါင်းငွေ(၃၄၈၀၀၀၀) ကျပ် အား တာဝန်ရှိသူများက ငွေသားများအသီးသီးပေးအပ်ရာ သက်ဆိုင်ရာပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို နံနက်၁၀နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြမြသန်းက ယခုမိုး ရာသီသွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် ဖုံး ၊ သွန် ၊ လဲ ၊ စစ် ဆောင်ရွက်ရမည့်လုပ်ငန်း များမှာကြားခြင်း၊ ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် ခြင်များမပေါက်ဖွားစေရန်အတွက် နေအိမ်နှင့် ကျောင်းဝန်းအတွင်း ပြုလုပ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိုးရာသီတွင်အဖြစ်များသော ဝမ်းကိုက် ဝမ်းလျှောရောဂါများမဖြစ်ပွားစေရန် စားသောက်နေထိုင် ရမည့်နည်းလမ်းများ၊ ကူးစက်ရောဂါဖြစ်ပွား နိုင်သည့်အကြောင်းများ၊ ကူးစက်ရောဂါအမျိုးအစားများကို ပရိုဂျက်တာနှင့်တကွ အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ “ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်း ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ယခုမိုးဦး ကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင် ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်း များနှင့်ပူးပေါင်းအဖွဲ့တို့က အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများကို ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာစစ်ဆေးပေးခြင်း၊ ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့လည်း ကွင်းဆင်း၍ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအသိပညာပေးဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး