
မောက်မယ် သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီးအသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးများနှင့်နှုတ်မှုစွမ်းရည်များဖွံ့ဖြိုး တိုးတက်စေရန် စဉ်းစားတွေးခေါ်မှုစွမ်းရည်များရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း ” ကို သြဂုတ်လ(၇)ရက် နံနက်၁၀နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းဝိုဆိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်စကားဝိုင်း ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက်“လူငယ်စကားဝိုင်း” စတင်ကျင်းပခဲ့သည်။
“လူငယ်စကားဝိုင်း”တွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ကျောင်းသား/ကျောင်းသူများ(၅)ဦး တို့က ဆောင်ရွက်ကာ နန်းအွမ်ငင်းက စာရိတ္တဗလခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းကိန်ခမ်းက မိတ္တ ဗလခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစုနန္ဒာက ကာယဗလခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းယမင်းသူက ဉာဏဗလခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဟိန်းမင်းမြတ်က ဘောဂဗလစသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့်ကျောင်းသား/ကျောင်း သူများက သိလိုသည်များကို ပြန်လည်၍ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများ ကျောင်းသား/ ကျောင်းသူများ(၅)ဦးတို့က ကဏ္ဍအလိုက်ပြန်လည်ဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲများအား ကြည့်ရှု လေ့လာခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး