ကျောက်တလုံးကြီး ဩဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာစီစာကုံး၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဩဂုတ်လ ၇ ရက်၊ နံနက် ၉ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီး မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြောင်း သိမှတ်ဖွယ်ရာများ၊ လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်နိုင်လင်းက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည်တို့ကို အသိပညာပေး ဟောပြော၍ အ.ထ.က‌ ကျောက်တလုံးကြီး ကျောင်းသား/သူများက စာစီစာကုံးပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများသို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး အသိပညာပေးနံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကိုဆက်လက် ကျင်းပပြုလုပ်သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တလုံးကြီးမှ ဆရာ၊ ဆရာမများက ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးကြကြောင်းနှင့် ကျောက်တလုံးကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ပြပွဲပြိုင်ပွဲများ၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများဖြင့် လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး