
ကလော ဩဂုတ် ၂
ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှု ပြသာနာများ လျော့ချနိုင်မှု၊ အချိန်ကုန်သက်သာပြီး ပြီးစီးမှုမြန်ဆန်သောကြောင့် ရာသီအချိန်မှီစိုက်ပျိုးပြီးစီးမှု၊ မျိုးစပါးကုန်ကျမှုလျော့နည်းခြင်းနှင့်စိုက်ပျိုးစရိတ်သက်သာခြင်းကြောင့် တစ်ဧကစိုက်ပျိုးစရိတ် သက်သာခြင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ ဝင်ငွေများတိုးတက်စေရန်နှင့် တောင်သူများ လက်တွေ့ကျကျသိရှိနားလည်ပြီးကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးခြင်းအားတွင်ကျယ်စွာအသုံးပြုနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာန၊အောင်ပန်းမြို့အမှတ်(၆၅)စက်မှုလယ်ယာစခန်းတို့မှပူး ပေါင်းကျင်းပသည့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသပွဲကို ဩဂုတ်လ ၂ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ပုန်းအင်း ကျေးရွာရှိ တောင်သူ ဦးကျော်နိုင်စိုး ၏လယ်မြေ၌ကျင်းပပြုလုပ်ခဲ့ရာ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ပုန်းအင်းကျေးရွာဒေသခံတောင်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အောင်ပန်းမြို့ စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၆၅)စက်မှုလယ်ယာစခန်း မှ ဦးစီးအရာရှိ ဦးဦးဘဝင်း က လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီးကလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးမောင်မောင်ဇင်က စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် စနစ်တကျ စပါးပျိုးထောင်စိုက်ပျိုးနည်းစနစ်တို့ကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့်တောင်သူများက အောင်ပန်းမြို့ အမှတ်(၆၅) စက်မှုလယ်ယာစခန်း မှ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုးခြင်းကို ကြည့်ရူ လေ့လာခဲ့ကြသည်။
အောင်ပန်းမြို့အမှတ်(၆၅)စက်မှုလယ် ယာစခန်းအနေဖြင့် စိုက်ပျိုးရေးတောင်သူများ လုပ်ငန်းအဆင်ပြေ စေရေးအတွက် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းတို့ကို ဌာနနှုန်းထားဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊လယ်ယာသုံးစက်ကိရိယာများလက်တွန်းထွန်စက်များ၊ထွန်စက်ကြီး၊စပါးစိုက်စက်၊စပါးရိတ်သိမ်းခြွေလှေ့စက်တို့ကိုဌာနမှအရစ်ကျစနစ်၊လက်ငင်းစနစ်များဖြင့်တောင်သူများအားရောင်းချပေးကြောင်း၊ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာသော လယ်ယာသုံးစက်ကိရိယာများအား တောင်သူများအသုံးပြု တက်လာစေရန် သရုပ်ပြပွဲများဆောင်ရွက်ပေးလျက်ရှိကြောင်း အောင်ပန်းမြို့အမှတ်(၆၅)စက်မှု လယ်ယာ စခန်းမှ ဦးစီးအရာရှိထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး