ကျိုင်းတုံ သြဂုတ်-၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်(အရှေ့)ပိုင်းရှိ တိုင်းရင်းသား ရိုးရာယဥ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို သြဂုတ်(၅)ရက် ညနေ(၄)နာရီခွဲက ကျိုင်းတုံမြို့၊ ခေမရဌ် အစိုးရရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းရင်းသားရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ယခုလိုလာရောက် ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားရိုးရာယဥ်ကျေးမှုများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အာခါတိုင်းရင်းသား၊ အဲန်တိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ တိုင်းလုံတိုင်းရင်းသား၊ အားခေ တိုင်းရင်းသား၊ ဝ တိုင်းရင်းသား၊ တိုင်းလိ တိုင်းရင်းသား၊ လွယ်(ပလန်) တိုင်းရင်းသား၊ လီဆူ တိုင်းရင်းသား၊ ဗမာ တိုင်းရင်းသား၊ ဂုံရှမ်း တိုင်းရင်းသား၊ တိုင်းနေ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များကို ဘဏ္ဍာရန်ပုံငွေများ ပေးအပ်ခြင်းသည် မိမိတို့၏ ရိုးရာ ယဥ်ကျေးမှုကို မပ ပျောက်ရအောင် ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့၏ ရိုးရာယဥ် ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသား များ၏ အသက်မွေးဝမ်းကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းများကိုလည်း တိုင်းရင်းသားကဏ္ဍအလိုက် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် နိုင်ငံအတွင်း တိုင်းရင်သားလူမျိုးပေါင်းစုံ (၁၃၅)မျိုးကျော် နေထိုင်လျက်ရှိပြီး တိုင်းရင်းသားများ၏ စာပေနှင့် ယဥ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေး ကဏ္ဍတွင်လည်း ရှမ်းပြည်နယ်အနေဖြင့် နောက်ကျမနေစေရန် တိုင်းရင်းသားများ မဖြစ်မနေ စာပေပညာတတ်ဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများ ရေရှည်ထိန်းသိမ်းရေးအတွက် လိုအပ်သည်များ တင်ပြပေးကြရန် ပြောကြားသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့များသို့ ထောက်ပံ့ငွေများပေးအပ်ရာ အာခါစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ အာခါအမျိုးသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ အဲန်စာပေယဥ်ကျေးမှုအဖွဲ့၊ ပလောင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့ တို့ကိုလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က လားဟူစာပေယဥ်ကျေးမှုအဖွဲ့၊ တိုင်းလုံစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ အားခေစာပေနှင့်ယဥ်ကျေးမှုအဖွဲ့အားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက ဝ စာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ တိုင်းလိစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ လွယ်(ပလန်) စာပေယဥ်ကျေးမှုနှင့်အဖွဲ့တို့အား လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လီဆူစာပေယဥ်ကျေးမှုအဖွဲ့၊ ဗမာတိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့အား လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ဂုံရှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ တိုင်းနေစာပေယဥ်ကျေးမှုအဖွဲ့တို့အား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့များ ကိုယ်စားအဲန်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဆမ်လုံကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ တိုင်းရင်းသားရိုးရာယဥ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအတွက် ယနေ့ ပံ့ပိုး ပေးအပ်ငွေ စုစုပေါင်းငွေကျပ်(၈၅,၆၃၂,၀၀၀)၊ ကျပ်ရှစ်ရာငါးဆယ့်ခြောက်သိန်းသုံးသောင်းနှစ်ထောင်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး