
တောင်ကြီး သြဂုတ်-၅
နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင် နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ် လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်၍ လူငယ်မျိုးဆက်သစ်များကိုပြုစုပျိုး ထောင်ပြီး နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် သြဂုတ်(၅)ရက်နံနက်(၁၀)နာရီကရှမ်း ပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကို တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က လူငယ်များသည် အပြစ်ကင်းစင်ပြီး တက်ကြွသူများဖြစ်ပါကြောင်း၊ အရောင်ဖြင့်တင်စားရမည်ဆိုပါက အဖြူရောင်သက်သက်ဖြစ်ပါကြောင်း၊အ ဖြူရောင် သဘာဝက အစွန်းအထင်းမခံပါကြောင်း၊ လူငယ်များကို အကိုင်အတွယ်မတတ်ပါက ညစ်ပေလွယ်ပြီး ကိုင်တွယ်ထိန်းသိမ်းမှုကောင်းပါက အင်အားများဖြစ်ပြီး ထိန်းသိမ်းမှုမကောင်းပါက အင်အားဆုံးရှုံးရမှာဖြစ်ပါကြောင်း၊ လူငယ်သည် နိုင်ငံ့အင်အားဖြစ်သည့်အတွက် လူငယ်များကို ပြုစုပျိုးထောင်အရောင်တင်ခြင်းသည် နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လူငယ်များတွင် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလ ဟုဆိုသည့် ဗလငါးတန်တို့နှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် လူငယ်စကားဝိုင်းသည် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ လုပ်ငန်းလမ်းညွှန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းပြည်၏ အဖိုးတန်ရတနာဖြစ်သည့် လူငယ်များ အတွေးမမှား၊ အမြင်မမှားကြစေရန် အသိပညာပေးခြင်းသည် အလွန်အရေးကြီးသည့်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လူငယ်စကားဝိုင်း စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်မည့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးနှင့် ပါဝင်ဆွေးနွေးကြမည့်သူများက တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့်စကားဝိုင်းစတင်ရာ တောင်ကြီးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနမှ လက်ထောက်ကထိက ဒေါ်မိုးမိုးမြင့်အောင်က လူငယ်နှင့်ရိုးရာဓလေ့ထုံးတမ်းခေါင်းစဥ်ဖြင့် လည်းကောင်း၊ တောင်ကြီးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနမှ နည်းပြ ဒေါ်ကျော်ဝတ်ရည်လှိုင်က လူငယ်နှင့်ရသခေါင်းစဥ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခွန်မျိုးမြင့်ဦး(ခွန်နေမျိုး)က လူငယ်နှင့်နည်းပညာမှန်ကန်စွာ အသုံးချရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ၊ ဒုတိယညွှန်ကြားရေးမှူးဦးလမင်းသန်းက လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောင်ကြီးတက္ကသိုလ် ရူပဗေဒဌာနမှ သရုပ်ပြဒေါ်ဝေဝေခိုင် ကလူငယ်နှင့်သုတေသနအမြင်ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် တက္ကသိုလ် ကျောင်းသူကျောင်းသားလူငယ်များက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။ထို့နောက် တောင်ကြီးတက္ကသိုလ်ဒုတိယပါမောက္ခ ချုပ် ဒေါက်တာ အောင်နေမျိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က စေ့စပ်ညှိနှိုင်းသူ၊ပါဝင်ဆွေးနွေး ခဲ့ကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး တောင်ကြီးတက္ကသိုလ်အတွက် အားကစားအထောက်အကူပစ္စည်းများပေးအပ်ရာ တောင်ကြီးတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင် နေမျိုး က လက်ခံရယူသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များအားကြည့်ရှု အားပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး