
တောင်ကြီး သြဂုတ်-၁
ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို သြဂုတ်(၁)ရက်နံနက် (၈)နာရီအချိန်တွင် တောင်ကြီး မြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံး၏ အလုပ်လုပ်နိုင်မှုစွမ်းရည်၊ အသိဥာဏ်ပညာစွမ်းရည် ရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံကိုအကျိုးပြုမည့် လူစွမ်းအားအရင်းအမြစ်များ ရရှိနိုင်ရန် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့်ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်ပြိုင်ပွဲများမှတစ်ဆင့် လူငယ်များအနေဖြင့် မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်၊ မိမိပြည်နယ်ကို ချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များမှာ အဓိကအင်အားစုများအဖြစ် ပါဝင်လာနိုင်မည်ဖြစ်ပါကြောင်း၊ လူငယ်များ၏ဖန်တီးမှု၊ ဆန်းသစ်မှု၊ လုပ်ဆောင်မှုများ ပိုမိုတိုးတက်မြင့်မားလာစေရန် ပြုလုပ်ပေးရခြင်းဖြစ်သည့်အတွက် လူငယ်များအနေဖြင့် ယခုပြိုင်ပွဲမှ အတုယူသင့်သောအရာများကို အတုယူပြီး မိမိတို့ကိုယ်စားပြုအသင်း၊ မိမိတို့ရဲ့ကျောင်း၊ တက္ကသိုလ်ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားကြရန်ပြောကြားသွားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားအသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဝင် အသင်းများ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလီဘောပြိုင်ပွဲဝင်အသင်းများကို အားကစားပစ္စည်းများပေးအပ်ပြီး အမှတ်(၁)နှင့်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်အဖြစ် ကွန်ပျူတာတက္ကသိုလ်အသင်းနှင့် တောင်ကြီးတက္ကသိုလ် ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို လည်းကောင်း၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ နယ်မြေ(၁)နှင့်နယ်မြေ(၄) အသင်း ယှဥ်ပြိုင်နေမှုတို့ကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်း ခန်းမတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လူငယ်တစ်ယောက်၏တာဝန်” ခေါင်းစဥ်ဖြင့် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ (၅၉)ဦးမှ စာစီစာကုံးဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးတက္ကသိုလ် THERATER ခန်းမသို့ ရောက်ရှိပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ဒစ်ဂျစ်တယ်ခေတ်၏ အရည်အချင်းများနှင့် အနာဂတ်ပညာရေးခေါင်းစဉ်နှင့် လူငယ်ဘဝ၏ အရေးပါသောရွေးချယ်မှုများခေါင်းစဥ် နှစ်ခုမှ နှစ်သက်ရာခေါင်းစဥ်ဖြင့် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ(၅၅)ဦးတို့မှ ဆောင်းပါးရေးသား ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲကို သြဂုတ်လ(၁)ရက်မှ (၉)ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း(၅)သင်း ယှဥ်ပြိုင်သွားကြမည်ဖြစ်ပြီး အခြေခံပညာကျောင်းပေါင်းစုံ ဘောလီဘောပြိုင်ပွဲကို သြဂုတ်လ(၁) ရက် မှ(၆)ရက်နေ့အထိ ပြိုင်ပွဲဝင်အမျိုးသား (၁၂) သင်း၊ အမျိုးသမီး(၁၂)သင်းတို့ ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး